တိုင်းရင်းသားများလိုလားသည့် ဒီမိုကရေစီဖက်ဒရယ်ရရှိစေရန်ကြိုးပမ်းနေဟု သမ္မတပြော
DVB
·
November 8, 2019
နိုင်ငံတော်အစိုးရအနေနဲ့ ဒီမိုကရေစီပြည်ထောင်စုကို မဖြစ်မနေတည်ဆောက်မှာဖြစ်ပြီး တိုင်းရင်းသားတွေ နှစ်ပေါင်းများစွာ လိုလားတောင်းတနေတဲ့ ဒီမိုကရေစီအခွင့်အရေး၊ ဖက်ဒရယ်အခွင့်အရေးနဲ့ အခြေခံအခွင့်အရေးတွေရရှိအောင် ကြိုးပမ်းအားထုတ် ဆောင်ရွက်နေတယ်လို့ နိုင်ငံတော်သမ္မတက ပြောပါတယ်။
နိုင်ဝင်ဘာ ၇ ရက်နေ့မှာ ကျရောက်တဲ့ ၆၄ နှစ်မြောက် ကရင်ပြည်နယ်နေ့ အခမ်းအနားမှာ နိုင်ငံတော် သ နိုင်ငံတော်သမ္မတ ဦးဝင်မြင့်ကပြောသွားတာဖြစ်ပါတယ်။
“နိုင်ငံတော်အစိုးရအနေနဲ့ ဒီမိုကရေစီပြည်ထောင်စုကို မဖြစ်မနေတည်ဆောက်မယ်ဆိုတဲ့ စိတ်ပိုင်းဖြတ်ပြီး ဖြစ်ပါတယ်။ ဒါမှသာလျင် ကျနော်တို့ တိုင်းရင်းသားများ နှစ်ပေါင်းများစွာ လိုလားတောင်းတနေတဲ့ ဒီမိုကရေစီအခွင့်အရေး၊ ဖက်ဒရယ်အခွင့်အရေး၊ တနည်းအားဖြင့် ပြောမယ်ဆိုရင် ကျနော်တို့ ခံစားသင့်၊ ခံစားထိုက်တဲ့ ဒီမိုကရေစီအခွင့်အရေးတွေ ရသင့်ရထိုက်တဲ့ ဖက်ဒယ်အခွင့်အရေးတွေ၊ တိုင်းရင်းသားတွေရဲ့ အခြေခံအခွင့်အရေးတွေ တန်းတူညီမျှမှု ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဒီဟာတွေကို ကျနော်တို့ ကြိုးပမ်းအားထုတ်ဆောင်ရွက်နေလျှက်ရှိတယ်”လို့ ဆိုပါတယ်။
ကရင်ပြည်နယ်နေ့ အထိမ်းအမှတ်အခမ်းအနားကို အရင်က ဒုသမ္မတ၊ အမျိုးသားလွှတ်တော် ဒုဥက္ကဋ္ဌနဲ့ ပြည်ထောင်စုအဆင့်ဝန်ကြီးတွေသာ တက်ရောက်ဖွင့်လှစ်ပေးခဲ့ပြီး အခုနှစ်မှာ ပထမဆုံးအကြိမ်အဖြစ် နိုင်ငံတော်သမ္မတကိုယ်တိုင် တက်ရောက်ဖွင့်လှစ်ပေးခဲ့တာပါ။
ကရင်ပြည်နယ်အတွင်း ဗမာ၊ ကရင်၊ မွန်၊ ရှမ်းနဲ့ ပအိုဝ်းတိုင်းရင်းသားတွေ စုပေါင်းနေထိုင်ကြတဲ့ ပြည်နယ်ဖြစ်သလိုငြိမ်းချမ်းရေးအရ အရေးပါတဲ့ပြည်နယ်လည်း ဖြစ်ပါတယ်။
ကရင်ပြည်နယ်နေ့အခမ်းအနားမှာ ဖွင့်လှစ်ထားတဲ့ ဌာနဆိုင်ရာနဲ့ လူမှုရေးအသင်းအဖွဲ့ပြခန်းပေါင်း ၃၇ ခန်းနဲ့ အသေးစား စက်မှုလက်မှုလုပ်ငန်းရှင်များ ပြခန်းပေါင်း ၄၉ ခန်းကို ခင်းကျင်းပြသထားပါတယ်။
ပွဲတော်ကာလအတွင်း ညစဉ် ရိုးရာဒုံးယိမ်းပြိုင်ပွဲတွေ၊ စျေးရောင်းပွဲတော်၊ ဖိုးချစ်ဇာတ်ပွဲ၊ ကရင်ဇာတ်ပွဲ၊ မြန်မာ-ထိုင်းလက်ဝှေ့ပြိုင်ပွဲတွေနဲ့ ပွဲတော်ကို ၅ ရက်ကြာ ကျင်းပသွားမှာပါ။
သတင်း- ရဲမင်းခေါင်