ကိုယ့်ကို လာမပစ်ရင် ဘာမှ တိုက်ခိုက်စရာအကြောင်းမရှိဘူး

1.5K
ကချင်ပြည်နယ် လဂျားယန်ဒေသမှာ အစိုးရတပ်တွေရဲ့ စစ်ဆင်နေမှုတွေကို ဇန်န၀ါရီ ၁၉ ရက်နေ့ မနက် ၆ နာရီမှ စတင်ပြီး ရပ်ဆိုင်းမယ်လို့ အစိုးရကကြေညာပြီး ဖြစ်ပါတယ်။
ဒါပေမယ့် ကချင်ဒေသမှာ ဒီနေ့မနက်ထိ တိုက်ပွဲတွေ မရပ်သေးဘဲ ဆက်လက် ဖြစ်ပွားနေတာနဲ့ ပတ်သက်ပြီး ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဒု-၀န်ကြီး ဦးရဲထွဋ်ကို ဒီဗွီဘီက မေးမြန်းထားပါတယ်။
အစိုးရဘက်ကနေ နယ်မြေရှင်းလင်းရေးနဲ့ စစ်ဆင်ရေးတွေရပ်ဖို့ ကြေညာပြီးနောက် တိုက်ပွဲတွေဆက်ဖြစ်နေတာကို ဘယ်လိုမြင်ပါလဲ။
“အဲဒါကတော့ ကေအိုင်အေကိုအရင်မေးသင့်တယ်ဗျ။ ဘာဖြစ်လို့ ကျနော်တို့ဆီက ကြေညာချက်ထွက်ပြီး နောက် ၁ ရက်မှာ ဘာဖြစ်လို့ ရဲစခန်းကို ၀င်တိုက်သလဲ။ ဗန်းမော်-လွယ်ဂျယ်လမ်းမှာ ဘာကြောင့်မိုင်းတွေခွဲသလဲ။ ဘာဖြစ်လို့ လဂျားယန်မှာရှိတဲ့ ကျနော်တို့စခန်းတွေကို နှောင့်ယှက်ပစ်ခတ်နေသလဲ ဆိုတာ သူတို့ကို အရင်မေးရင်ကောင်းမယ် ထင်တယ်။ ကျနော်တို့ကတော့ စနစ်တကျ ကျနော်တို့ရဲ့ ကွပ်ကွဲမှုကရှိလို့ အမိန့်တွေအားလုံးက အောက်ကိုရောက်နေပြီ ဖြစ်တယ်။ ကိုယ့်ကို လာမပစ်ရင် ဘာမှ ပြန်ပြီးတိုက်ခိုက်စရာအကြောင်းမရှိဘူးလေ။”
ဆိုလိုတာက ကေအိုင်အိုဘက်က အရင်တိုက်လို့ တပ်မတော်ဘက်က ပြန်ထိုးစစ်ဆင်နေတယ်လို့ ပြောချင်တာပေါ့။
“ထိုးစစ်ဆင်တာမဟုတ်ဘူး။ မိမိကိုယ်ကို မိမိ ခုခံကာကွယ်ပစ်တာတာပေါ့။ ခင်ဗျားကို လူတယောက်က လာရန်ပြုရင် လက်ပိုက်နေလို့မရဘူးလေ။ မိမိအသက်အန္တရာယ်မကျအောင်တော့၊ အန္တရာယ်ပြုနိုင်တဲ့အကွာမှာ မရှိအောင်တော့ မောင်းထုတ်ပစ်ရမှာပေါ့။ ဒီသဘောပါပဲ။”
ကေအိုင်အိုဘက်ကလည်း တပ်မတော်ဘက်က မရပ်ဘဲ ဆက်ပြီးထိုးစစ်ဆင်နေလို့ တိုက်ရတယ် ပြောတယ်။
“ကျနော်တို့က ညမှာအမိန့်ထုတ်တယ်။ မနက် ၄ နာရီခွဲမှာ သူတို့က တိုက်တယ်လေ။ စဉ်းစားကြည့်ပေါ့။”
အဲနောက်ပိုင်းရက်ပိုင်းမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေတာကရော။
“တကယ်လို့ ကေအိုင်အေကသာ သူ့ရဲ့လက်အောက်ခံတပ်ဖွဲ့တွေကို ကျနော်တို့လိုပဲ စနစ်တကျအောက်ခြေထိရောက်အောင် အမိန့်ထုတ်နိုင်မယ်ဆိုရင် အမိန့်ထုတ်ပြီး သူတို့ဘက်က ဘာမှမလုပ်ဘဲ ၃ ရက်လောက် နေကြည့်ပါ။ အခြေအနေကို ကွဲကွဲပြားပြား တွေ့ပါလိမ့်မယ်။ ကျနော်တို့က ကျနော်တို့ကို လာမတိုက်ဘဲ မိမိတပ်ဖွဲ့နဲ့ သီးခြားချီတက်ပြီးတော့ သူ့ဟာသူနေနေတဲ့ ကေအိုင်အေတပ်ဖွဲ့ကို တိုက်တာ လုံးဝ မရှိပါဘူး။ ဒါကတော့ အခိုင်အမာ ပြောနိုင်ပါတယ်။”
နောက် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းက အပစ်အခတ်ရပ်စဲရေး အသေအချာ အကောင်အထည်ဖော်ဖို့ ထပ်တိုက်တွန်းတဲ့အပေါ်ရော။
“ကျနော်တို့က သွားမယ့်လမ်းကြောင်းကို ချထားပြီးပါပြီ။ ဘယ်သူ့ရဲ့ တိုက်တွန်းမှုကြောင့်၊ ဖိအားပေးမှုကြောင့်မှ မဟုတ်ပါဘူး။ နိုင်ငံတော်သမ္မတကြီး စတာဝန်ယူကတည်းက ငြိမ်းချမ်းရေးကို မဖြစ်မနေ အကောင်အထည်ဖော်မယ်ဆိုပြီး ပြောခဲ့တယ်။ တပ်မတော်ကလည်း အဲအပေါ်အပြည့်အ၀ ပါဝင်ပူးပေါင်းဆောင်ရွက်လျက်ရှိတယ်။ လက်ရှိလည်း အဲအတိုင်းဆက်သွားနေတယ်။”
လက်ရှိတိုက်ပွဲတွေထပ်ဖြစ်ပွားနေတဲ့အပေါ် ရှေ့ဆက်ပြီးတော့ အစိုးရအနေနဲ့ ဘာတွေထပ်ပြီးငြိမ်းချမ်းရေးအတွက် ကြိုးပမ်းသွားဖို့ ရှိပါသလဲ။
“ကျနော်တို့ အကြိမ်ကြိမ်ပြောခဲ့ပြီးပါပြီ။ ကျနော်တို့ဘက်ကို လာပြီးမပစ်ရင် ကျနော်တို့ စပြီးတော့ မတိုက်ခိုက်ဘူး။ ငြိမ်းချမ်းရေးတံခါးဖွင့်ထားတယ်။ အပစ်အခတ်ရပ်စဲရေးကနေ ခိုင်မာတဲ့ နိုင်ငံရေးဆွေးနွေးမှုတွေ ဆက်လုပ်သွားမယ်။ ၂၀၁၃ နှစ်အစောပိုင်းမှာ လက်ရှိအပစ်အခတ်ရပ်စဲထားတဲ့အဖွဲ့တွေနဲ့ လုပ်တော့မယ်။ ကေအိုင်အိုလည်း ပါစေချင်တယ်။ ဒါကကျနော်တို့ရဲ့ ရပ်တည်ချက်ပါပဲ။ ဒါကိုပဲ အကြိမ်ကြိမ်အဖန်ဖန်ပြောနေတာပါဘဲ။”