Home
မြန်မာသတင်း
ဇွဲကပင်ကေဘယ်လ်ကား  ၂ဝ၂၀ မေလတွင် စတင်ပြေးဆွဲမည်
ဇေယျာချမ်းအေး
·
November 7, 2019
ကရင်ပြည်နယ် ဘားအံမြို့က ဇွဲကပင်‌တောင်တက် ကေဘယ်လ်ကားကို လာမယ့် ၂၀၂၀ ပြည့်နှစ် မေလမှာ စတင်ပြေးဆွဲမယ်လို့ ဒီလုပ်ငန်း တာဝန်ယူလုပ်ကိုင်နေတဲ့ ကုမ္ပဏီက ပြောပါတယ်။ ဇွဲကပင်မြေနှင့် ကေဘယ်လ်ကားဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီလီမိတက်ရဲ့ စီအီးအို ဦးဗညားဇော်က “လာမယ့် ၂၀၂၀ မေလမှာ စတင်ပြေးဆွဲပါမယ်။ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ရဲ့ ခွင့်ပြုချက်ကို စောင့်နေတာပါ။ မေလထက်စောချင်လည်း စောပါမယ်”လို့ ပြောပါတယ်။ ဒီ စီမံကိန်းကို အမေရိကန်ဒေါ်လာ ၁၂.၅ သန်း အကုန်အကျခံပြီး ၂၀၁၇ ခုနှစ်က စတင်တည်ဆောက်ခဲ့တာပါ။ ဇွဲကပင်တောင်ထိပ်ဆီပြေးဆွဲမယ့် ကေဘယ်လ် ကားတည်ဆောက်ရေးလုပ်ငန်းရဲ့ အဓိက အစိတ်အပိုင်းဖြစ်တဲ့ ကေဘယ်လ် ကရိန်းတပ်ဆင်တဲ့ လုပ်ငန်းဟာ အခု အောက်တိုဘာလကုန်မှာ ပြီးစီးခဲ့ပါတယ်။ ဇွဲကပင်တောင်မှာပြေးဆွဲဖို့ လူ ၅၀ စီလိုက်ပါနိုင်တဲ့ အတက်အဆင်း ကေဘယ်လ် ကား၂ စီးကို အသုံးပြုသွားမှာဖြစ်ပြီး သယ်ဆောင်ခအဖြစ် တဦးကို ကျပ် ၅၀၀၀ ကောက်ခံသွားမှာဖြစ်သလို မသန်စွမ်းတွေအတွက် အဆင်ပြေအောင် ပြုလုပ်ပေးထားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။  ဇွဲကပင်ကေဘယ်လ်ကားဟာ  ကြားတာဝါတိုင်မပါဘဲ အရှည် ၁၅၀၀ မီတာကျော် အမြင့် မီတာ ၇၀၀ ကျော်မြင့်ပါတယ်။ ဇွဲကပင်တောင်ပေါ်ခြေလျင်တက်ရင် အချိန် ၁ နာရီခွဲကြာမြင့်မှာ ဖြစ်ပေမယ့် ကေဘယ်လ်ကားနဲ့ တက်ရင် ၄ မိနစ်သာကြာမယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024