ကွတ်ခိုင်တွင် တီအန်အယ်အေအဖွဲ့က ရွာသား ၁ ဦးကို ငွေတောင်းပြီး ပစ်ခတ်
နန်းမြနဒီ
·
November 7, 2019
ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ်ထဲမှာ နိုဝင်ဘာ ၅ ရက်နေ့ညက ရွာသား ၁ ဦးကို တီအန်အယ်လ်အေ ပလောင်တပ်ဖွဲ့က ငွေလာတောင်းတာ မရတဲ့အတွက် နေအိမ်မှာ ပစ်ခတ်လို့ ဒဏ်ရာအပြင်းအထန်ရရှိသွားတယ်လို့ ခိုလုံလီရှော လူငယ်အဖွဲ့က ပြောပါတယ်။
ကွတ်ခိုင်မြို့နယ် မိုင်းယုလေးကျေးရွာတွင် နေထိုင်သူ ခိုလုံလီရှောတိုင်းရင်းသား ဦးဟူတဲ့လျှံ (အသက် ၄၇ နှစ်)ဟာ နိုဝင်ဘာ ၅ ရက် ည ၈ နာရီလောက်က သူရဲ့ နေအိမ်မှာ ရှိနေစဉ် တီအန်အယ်လ်အေပလောင်တပ်ဖွဲ့ဝင် ၃ ဦး ရောက်ရှိလာပြီး ငွေကျပ်သိန်း ၃၀ တောင်းခံရာ မပေးနိုင်တဲ့အတွက် သေနတ်နဲ့အပစ်ခံရတာလို့ ဒဏ်ရာရလူနာကို မူဆယ်ဆေးရုံမှာ သွားရော က်ကြည့်ရှုခဲ့တဲ့ ခိုလုံလီရှောလူငယ်အဖွဲ့ဝင်က ပြောပါတယ်။
“ဒဏ်ရာရတဲ့လူကို ကျနော်တို့အဖွဲ့က မနေ့ကရော ဒီကနေ့ရော ဆေးရုံမှာ သွားကြည့်ပါ တယ်။ သေနတ်ဒဏ်ရာက သူ့လည်ပင်းကို ၁ ချက်ဖောက်ထွက်သွားတာ၊ ဒဏ်ရာတအားပြင်းတော့ မူဆယ်ဆေးရုံက မရတော့ဘူး။ မန္တလေးမှာ သွားကုခိုင်းတယ်။ ဒါပေမယ့် ရွှေလီဆေးရုံက ပိုနီးတော့ ဒီနေ့ဘဲ သူ့မိန်းမက ရွှေလီဆေးရုံကို ခေါ်သွားပြီ။”
လွန်ခဲ့တဲ့ ၅ ရက်လောက်က ဦးဟူတဲ့လျှံရဲ့ ညီဖြစ်သူ အားဆော့ ဆိုသူနဲ့ တီအန်အယ်လ်အေ ပြဿနာဖြစ်ပွားပြီး သူ့မိန်းမအားဆန်းကို တီအန်အယ်လ်အေက မိုင်းယုလေးရွာမှာ လာရောက်ဖမ်းခေါ်သွားကြောင်း၊ အားဆန်းကို လွှတ်ပေးစေချင်ရင် ငွေသိန်း ၃၀ ပေးရမယ် ဆိုပြီး ဖုန်းနဲ့ဆက်သွယ်ထားရာမှာ ၅ ရက်နေ့က အိမ်ထိလာတောင်းပြီး မပေးနိုင်လို့ သေနတ်နဲ့ အပစ်ခံရတာလို့ သိရပါတယ်။
ဒဏ်ရာရရွာသားဟာ ဒဏ်ရာပြင်းထန်လို့ နမ့်ဖတ်ကာဆေးရုံကတဆင့် မူဆယ်ဆေးရုံကို ပိုဆောင်ကုသထားရပါတယ်။ ဒီလိုအပစ်ခံရတာနဲ့ပတ်သက်ပြီး သူ့မိန်းမက ဆေးရုံကိစ္စပြီးရင် ကချင်အဖွဲ့အစည်းတွေဆီ တိုင်တန်းမယ်လို့ ပြောပါတယ်။
တီအန်အယ်လ်အေ တပ်ဖွဲ့ဝင်တွေဟာ မိုင်းယုလေးကျေးရွာကို မကြာခဏရောက်ရှိလာပြီး ဆက်ကြေးတောင်းလူဖမ်းတာတွေ လုပ်လေ့ရှိကြောင်း၊ ဖမ်းသွားတဲ့ လူတွေကို မန်လိန်းပလောင်ရွာမှာ အချုပ်ခန်းလုပ်ပြီး ထိန်းသိမ်းထားတယ်လို့ ခိုလုံလီရှောလူငယ်အဖွဲ့က ပြောပပါတယ်။
တီအန်အယ်လ်အေက ခုလို ရွာထဲဝင်ပစ်တဲ့ကိစ္စ၊ လူဖမ်းသွားတယ်ဆိုတာတွေနဲ့ ပတ်သက်ပြီး တီအန်အယ်လ်အေပြန်ကြားရေးဌာနကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းရာမှာ ဗိုလ်မှူး တာ့အိုက်ကျော် တဦးသာ ဖြေကြားခွင့်ရှိတယ်လို့ပြောဆိုပြီး ဗိုလ်မှူးတာ့ အိုက်ကျော်ကိုတော့ ဆက်သွယ်လို့ မရသေးပါဘူး။