ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဟာဝိုင်အီနဲ့ ဆိုးလ် ခရီးစဉ်အသေးစိတ်ထုတ်ပြန်

1.6K
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အန်အယ်လ်ဒီ ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လာမယ့် ဇန်န၀ါရီ ၂၄ ရက်ကနေ ဖေဖော်ဝါရီ ၁ ရက်နေ့အထိ ကြာမြင့်မယ့် ပြည်ပခရီးစဉ်တွေနဲ့ပတ်သက်ပြီး ခရီးစဉ် အသေးစိတ်အစီအစဉ်ကို အန်လ်အယ်လ်ဒီ ပါတီက ထုတ်ပြန်လိုက်ပါတယ်။
ခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ဇန်န၀ါရီ ၂၄ ရက်နေ့မှာ ရန်ကုန်-ဘန်ကောက်-ဆိုးလ်- အမေရိကန်နိုင်ငံ(ဟိုနိုလူလူ)ကို ထွက်ခွာမှာဖြစ်ပါတယ်။ ဇန်န၀ါရီ ၂၅ ရက်နေ့ ဟိုနိုလူလူ မှာ ဟာဝိုင်အီပြည်နယ် အုပ်ချုပ်ရေးမှူးနဲ့ တွေ့ဆုံမှာဖြစ်သလို မြန်မာ မိသားစုတွေနဲ့လည်း တွေ့ဆုံမှာဖြစ်ပါတယ်။
ဇန်န၀ါရီ ၂၆ ရက်နေ့မှာ ဟိုနိုလူလူမှာကျင်းပမယ့် ရိုထရီငြိမ်းချမ်းရေးဆွေးနွေးပွဲ (Rotary Peace Forum) ကို တက်ရောက်မိန့်ခွန်းပြောကြားမှာဖြစ်ပြီး ဟာဝိုင်အီငြိမ်းချမ်းရေးဆု (Hawaii Peace Award) ကိုလက်ခံရယူမှာ ဖြစ်ပါတယ်။
ဇန်န၀ါရီ ၂၇ ရက်နေ့မှာ ဟိုနိုလူလူကနေ ထွက်ခွာပြီး ၂၈ ရက်နေ့မှာ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ကို ရောက်ရှိမှာဖြစ်ပါတယ်။ ၂၉ ရက်နေ့မှာ လက်ရှိ သမ္မတလီမြောင်ဘတ်အပါအ၀င် လာမယ့်သမ္မတသက်တမ်းအတွက် သမ္မတအဖြစ် အရွေးချယ်ခံထားရတဲ့ မစ္စပတ်ဂွန်ဟေးနဲ့လည်း တွေ့ဆုံမှာ ဖြစ်ပါတယ်။ ဒီနောက် ၂၀၁၃ ဆောင်းရာသီ အထူးအိုလံပစ်ဖွင့်ပွဲကို တက်ရောက်မှာ ဖြစ်ပါတယ်။
ဇန်န၀ါရီ ၃၀ မှာ ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးရေး ထိပ်သီးညီလာခံ (Global Development Summit) ကို တက်ရောက်မိန့်ခွန်း ပြောမှာ ဖြစ်ပါတယ်။ ဇန်န၀ါရီလ ၃၀ ရက်နေ့မှာတော့ ဂွမ်ဂျူးမြို့ကိုသွားရောက်ပြီး မေ ၁၈ အမှတ်တရ ဖောင်ဒေးရှင်းညီလာခံကို တက်ရောက်ပြီး ၂၀၀၄ ခုနှစ်က ပေးအပ်ထားတဲ့ ဂွမ်ဂျူး လူ့အခွင့်ရေးဆုကို လက်ခံရယူမှာ ဖြစ်ပါတယ်။ ဖေဖော်ဝါရီ ၁ ရက် ဆိုးလ်အမျိုးသားတက္ကသိုလ်မှာ ကျောင်းသူ၊ ကျောင်းသားတွေနဲ့ တွေ့ဆုံပြီး မိန့်ခွန်းပြောကြားမှာ ဖြစ်ပါတယ်။
ဖေဖော်ဝါရီ ၁ ရက်နေ့ ညနေပိုင်းမှာ ကိုရီးယားရောက်မြန်မာမိသားစုတွေနဲ့ တွေ့ဆုံပြီး
မြန်မာနိုင်ငံ ရန်ကုန်မြို့ကို ပြန်လည် ထွက်ခွာမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။