ဗန်းမောက်တွင် တရားမဝင်ကျွန်းသစ် ၃၆ တန်နှင့် ဆင် ၁ ကောင်သိမ်းဆည်းရမိ
Aung Ko Latt
·
November 7, 2019
စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်၊ လယ်ဦးရွာအနီး တရားမဝင်သစ်စက်ကို ကသာခရိုင်သစ်တောဦးစီးဌာနက ဝင်ရောက်ဖမ်းဆီးခဲ့ရာမှာ ဆင်တကောင်နဲ့ ကျွန်းသစ် တန်ချိန် ၃၆ တန်ကျော်သိမ်းဆည်းရမိခဲ့တယ်လို့ နယ်မြေခံရဲစခန်းက စုံစမ်းသိရပါတယ်။
နိုဝင်ဘာ ၅ ရက်က အခုလိုဖမ်းဆီးရာမှာ ကျွန်းသစ် ၃၆ ဒသမ ၅၃၆ တန်၊ ဝူလင်းတံဆိပ်၂၅ ကောင် တရုတ်အင်ဂျင် ၁ လုံး၊ ၄ ပေလွှဝိုင်း ၁ ဝိုင်း၊ သံဒလိမ့် ၂ ခု၊ သံထော်လီဘီး ၄ ခု၊ ချိန်းဆော ၁ လက်၊ ရှပ်တန်းနဲ့ ပူလီ ၁ ခုစီအပြင် အသက် ၂၅ နှစ်အရွယ် ဆင်အထီး ၁ ကောင်တို့ကို သိမ်းဆည်းရမိခဲ့တာပါ။
ဖမ်းဆီးရမိတဲ့ ကျွန်းသစ်တွေကို နန့်ခေါင်ဟူးကြိုးဝိုင်းထဲက ခုတ်လှဲသယ်ဆောင်ထားတာလို့ သိရပါတယ်။
ဒီအမှုနဲ့ပတ်သက်ပြီး ဗန်းမောက်မြို့မရဲစခန်းက ဆင်နဲ့ သစ်စက်ပိုင်ရှင် ဇော်နိုင်ထွန်း၊ မိုးကျော်၊ ကျော်မြင့်နဲ့ ကျော်လှတို့ကို သစ်တောဥပဒေပုဒ်မ ၄၂(ခ)/၄၃(က)(ခ) အရအမှုဖွင့်အ ရေးယူထားပါတယ်။