လွှတ်တော်အမတ် ဦးဝှေ့တင်းကလွဲပြီး အရပ်သားသုံ့ပန်းမရှိတော့ဟု အေအေအဖွဲ့ကြေညာ
DVB
·
November 7, 2019
အေအေတပ်ဖွဲ့အနေနဲ့ အပြစ်မရှိသူတွေကို ပြန်လွှတ်ပေးလိုက်ပြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်း တယောက်ကလွဲလို့ အရပ်သားသုံ့ပန်းတဦး တယောက်မှ မရှိတော့ဘူးလို့ ရက္ခိုင့်တပ်တော် (အေအေ)က နိုဝင်ဘာ ၆ ရက်နေ့စွဲနဲ့ ကြေညာ ပါတယ်။
ရွှေပြည်သစ် Express ယာဉ်ပေါ်ကနေ စစ်ဆေးဖို့ခေါ်ယူထားသူတွေထဲက မီးသတ်တပ်ဖွဲ့ဝင် ၁၈ ဦးကို နိုဝင်ဘာ ၆ ရက်မွန်းလွဲ ၂ နာရီက ကောင်းမွန်စွာ ပြန်လွှတ်ပေးခဲ့ပြီး မြောက်ဦးမြို့နယ် လက္ကာကျေးရွာ အနီးဝန်းကျင်ရှိ ကျေးရွာအုပ်ချုပ်ရေးမှူးတွေထံ အပ်နှံခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
စစ်ဆေးဖို့ ခေါ်ယူထားသူတွေထဲက မြန်မာစစ်တပ်နဲ့ ပတ်သက်မှုမရှိသူတွေကို ပြန်လွှတ်ပေးတာ အခုဆိုရင် လေးကြိမ်ရှိပြီး စစ်ဆေးနေစဉ်ကာလအတွင်း ကောင်းမွန်စွာ ကျွေးမွေး ပြုစုစောင့်ရှောက်ထားကာ နိုင်ငံတကာသုံ့ပန်းဥပဒေ၊ သုံ့ပန်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေနဲ့ အညီ တိကျစွာလိုက်နာဆောင်ရွက်ခဲ့တယ်လို့ လည်း အေအေက ထုတ်ပြန်ထားပါတယ်။
လွှတ်တော်အမတ်ဦးဝှေ့တင်းနဲ့ အိန္ဒိယနိုင်ငံသား ၅ ဦး အပါအဝင် စုစုပေါင်း ၁၀ ဦးဟာ နိုဝင်ဘာ ၃ ရက်နေ့က အမြန်ရေယာဉ်နှစ်စီးနဲ့ ပလက်ဝမှ ကျောက်တော်သို့ အသွားလမ်းခရီးမှာ အေအေအဖွဲ့ရဲ့ ဖမ်းဆီးခံရတာဖြစ်ပြီး ၁၀ ဦးထဲက ၉ ဦးကို အေအေက ပြန်လွှတ်ပေးခဲ့ရာမှာ အိန္ဒိယနိုင်ငံသား ၁ ဦးက နှလုံးရောဂါနဲ့ သေဆုံးသွားပါတယ်။
ဖမ်းဆီးခံနေရတဲ့ ချင်းပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် (၁၁) လွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းအတွက် စိုးရိမ်ပူပန်ကြောင်းနဲ့ အမြန်ဆုံး ပြန်လွှတ်ပေးဖို့ မိသားစုဝင်နဲ့ ချင်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နဲ့ လွှတ်တော်အမတ်တွေက တောင်းဆိုထားပါတယ်။