‘ဝ’တပ်ဖွဲ့နှင့် မိုင်းလားတပ်ဖွဲ့အကြား စစ်ရေးတင်းမာမှု မရှိဟု UWSA ပြော
အောင်သူ
·
November 6, 2019
‘ဝ’တပ်ဖွဲ့နဲ့ မိုင်းလားတပ်ဖွဲ့အကြား စစ်ရေးတင်းမာမှုမရှိတဲ့အကြောင်းနဲ့ အောက်ခြေတပ်တွေအချင်းချင်း နားလည်မှုလွဲတဲ့ကိစ္စသာရှိတယ်လို့ ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ပြောရေးဆိုခွင့်ရှိသူက ဒီဗွီဘီကို ပြောပါတယ်။
ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းယန်းနဲ့မိုင်းခတ်အကြားမှာ လုံခြုံရေးအရ စစ်ဆေးမှုတွေကို အကြောင်းပြုပြီး တပ်မတော်၊ ‘ဝ’ တပ်ဖွဲ့နဲ့ မိုင်းလားတပ်ဖွဲ့တွေအကြား ခုရက်ပိုင်းအတွင်း သုံးပွင့်ဆိုင် စစ်ရေးတင်းမာမှုတွေရှိခဲ့ကာ တပ်စခန်းသိမ်းယူတဲ့အထိဖြစ်ခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့တာပါ။
ဒီကိစ္စနဲ့ ပတ်သက်ပြီး ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော်ပြောခွင့်ရ လားရှိုးဆက်ဆံရေး တာဝန်ခံ ဦးညီရမ်းက နယ်မြေချင်းနီးကပ်မှုတွေကြောင့် ‘ဝ’တပ်ဖွဲ့နဲ့မိုင်းလားတပ်ဖွဲ့တွေရဲ့ အောက်ခြေတပ်တွေ နားလည်မှုလွဲခြင်းသာဖြစ်ပြီး အခုလိုအဖြစ်အပျက်မျိုးက ဖြစ်လေ့ဖြစ်ထ ရှိတာကြောင့် ဘာပြသနာမှမရှိဘူးလို့ ပြောပါတယ်။
မိုင်းယန်းနဲ့မိုင်းခတ် မြို့နယ်အကြားမှာ တပ်မတော်ဘက်က ‘ဝ’ နယ်ဘက် အဝင်အထွက်တွေကို တင်းတင်းကြပ်ကြပ် စစ်ဆေးရာကနေ အစိုးရတပ်နဲ့ UWSA တပ်မဟာ ၄၆၈ တပ်မမှူး ပေါက်အိုက်ပန်း တပ်ဖွဲ့တွေကြားမှာ တင်းမာမှုအရင်ဖြစ်ခဲ့တာလို့ သတင်းတွေ ထွက်ပေါ်ခဲ့တာပါ။
‘၀’ တပ်ဖွဲ့ရဲ့ ၄၆၈ တပ်မှူးဟာ ဦးပေါက်ယူချန်းရဲ့တူဖြစ်ပြီး ၂၀၀၅ ခုနှစ်က မူးယစ်ဆေးတွေ နဲ့အတူ မိုင်းပြင်းမြို့နယ်ထဲမှာ အဖမ်းခံရကာ ထောင်ဒဏ်ကျခံခဲ့ရသူပါ။ ဦးသိန်းစိန်အစိုးရ လက်ထက်မှာ လွတ်ငြိမ်းချမ်းသာမှုနဲ့ ပြန်လည်လွတ်မြောက်လာခဲ့ပြီးနောက် ၄၆၈ ရဲ့ တပ်မှူးဖြစ်လာခဲ့ပါတယ်။
လက်ရှိဖြစ်စဉ်နဲ့ပတ်သက်ပြီး အစိုးရတပ်တွေနဲ့ ‘ဝ’ တပ်ဖွဲ့အကြား ဆွေးနွေးခဲ့ပြီးနောက် ‘ဝ’ တပ်ဖွဲ့တွေပြန်ဆုတ်သွားခဲ့ပေမယ့် စစ်ရေးအရ မိုင်းလားတပ်စခန်းတွေကို ‘ဝ’ တပ်ဘက်က ခြေကုပ်ယူထားတဲ့ အခြေအနေဖြစ်တယ်လို့ တိုင်းရင်းသားအဖွဲ့တွေနဲ့ နီးစပ်သူတဦးကပြော ပါတယ်။
တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကတော့ တပ်မတော်နဲ့ “ဝ” တပ်ဖွဲ့ကြားမှာ အဲဒီဖြစ်စဉ်နဲ့ပတ်သတ်ပြီး ထိတွေ့ခဲ့တာမရှိဘူးလို့ ဒီဗွီဘီကို ပြောပါတယ်။
၂၀၁၆ ခုနှစ်က ‘ဝ’ တပ်ဖွဲ့တွေအနေနဲ့ မိုင်းလား တပ်စခန်းတွေကို အင်းအားအလုံးအရင်းနဲ့ ဝင်ရောက်ခဲ့ဖူးပါတယ်။ အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး မိုင်းလားတပ်ဖွဲ့ဘက်ကိုလည်း ဆက်သွယ် မေးမြန်းလို့ မရရှိခဲ့ပါဘူး။