Home
မြန်မာသတင်း
တရုတ်ဖက်စပ်ကုမ္ပဏီထံက လျှပ်စစ်ဓာတ်အားဝယ်ယူရန် သဘောတူစာချုပ်လက်မှတ်ထိုး
ပိုင်စိုး
·
November 6, 2019
တရုတ်ဖက်စပ်ကုမ္ပဏီတခုဆီကနေ လျှပ်စစ်ဓာတ်အားဝယ်ယူဖို့အတွက် မနေ့က သဘောတူစာချုပ် လက်မှတ်ထိုးခဲ့တယ်လို့  မြန်မာလျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ နေပြည်တော်က လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာနမှာ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်းနဲ့ Kyauk Phyu Electric Power ကုမွဏီတို့အကြား ဓာတ်အားဝယ်ယူရေးသဘောတူစာချုပ် (PPA)ကို မနေ့ မနက်ပိုင်းက လက်မှတ်ထိုးခဲ့တာပါ။ အဲဒီ ဓာတ်အားပေးစက်ရုံဟာ ကျောက်ဖြူမြို့နယ်၊ ကျောက်ဖြူ ၂၃၀ ကေဗွီ ပင်မဓာတ်အားခွဲရုံဝင်းထဲမှာရှိပြီး Independent Power Producer (IPP)၊ Build-Operate-Transfer (BOT) စနစ်နဲ့ ဖက်စပ် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကုမ္ပဏီဖြစ်တဲ့ Kyauk Phyu Electric Power ကုမ္ပဏီက အကောင်အထည်ဖော်တည်ဆောက်သွားမှာဖြစ်ပါတယ်။ စက်ရုံရဲ့ စက်တပ်ဆင်အင်အားက စုစုပေါင်း ၁၄၆ မဂ္ဂါဝပ်ဖြစ်ပြီး ထုတ်လုပ်နိုင်မယ့် ဓာတ်အား ပမာဏကတော့ ၁၃၅ မဂ္ဂါဝပ်ဖြစ်ပါတယ်။ စီမံကိန်းပြီးသွားရင် ရခိုင်ပြည်နယ်ရဲ့ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မယ့်အပြင် နိုင်ငံတော်ဓာတ်အားစနစ်ကိုလည်း ဖြည့်ဆည်း သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒါဟာ ရေရှည်စီမံကိန်း ၄ ခုထဲက တခုဖြစ်ပြီး လာမယ့် ၂၀၂၂ ခုနှစ်လောက်မှာ ဓာတ်အား စတင် ထုတ်ပေးနိုင်မယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောပေမယ့် ဘယ်လိုနှုန်းထားတွေနဲ့ ဝယ်ယူတယ်ဆိုတာကတော့ ထုတ်ပြန်ထားတာ မရှိပါဘူး။ နိုင်ငံရဲ့ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ဟာ နှစ်စဉ် ၁၀၀၀ မဂ္ဂါဝပ်လောက် တိုးလိုနေတာ ကြောင့် ရေရှည်အစီအမံအနေနဲ့ စုစုပေါင်း ၃၁၁၁ မဂ္ဂါဝပ် ဓာတ်အားထုတ်ပေးနိုင်မယ့် စီမံကိန်း ၄ ခုအတွက် အလုပ်စလုပ်နိုင်ဖို့ အကြောင်းကြားစာ Notice to Proceed ကို ၂၀၁၈  ဇန်နဝါရီလမှာ ထုတ်ပေးခဲ့တယ်လို့သိရပါတယ်။ ရေရှည်စီမံကိန်းတွေဟာဓာတ်အားစတင်ထုတ်လုပ်ပေးနိုင်ဖို့ အနည်းဆုံး ၃ နှစ်လောက် အချိန်ယူ ရတာဖြစ်လို့ ၂၀၂၀  ခုနှစ်မှာ တိုးတက်လိုအပ်လာမယ့် ဓာတ်အားလိုအပ်ချက်ကို အချိန်တိုအတွင်း ဖြည့်ဆည်းပေးနိုင်ဖို့ ၁၁၆၆ မဂ္ဂါဝပ် ထုတ်လုပ်ပေးနိုင်မယ့် စီမံကိန်း ၇ ခုကို ရေတိုစီမံချက်နဲ့ အကောင် အထည်ဖော်နေတယ်လို့ ပြောပါတယ်။ ဒါ့အပြင် ၂၀၂၁ ခုနှစ်မှာ ထပ်ပြီးလိုလာမယ့် ဓာတ်အားလိုအပ်ချက် ၁၀၀၀ မဂ္ဂါဝပ်လောက်ကို ဖြည့်ဆည်းပေးနိုင်ဖို့ကိုလည်း ရေတို အစီအစဉ်နဲ့ ဆက်လက်စီမံသွားမယ်လို့ ဆိုပါတယ်။ ရေရှည်စီမံကိန်းအနေနဲ့ Notice to Proceed ထုတ်ပေးထားခဲ့တဲ့ စီမံကိန်း ၄ ခုထဲက အခု လက်မှတ်ထိုးတဲ့ စီမံကိန်းက ၁၃၅ မဂ္ဂါဝပ်နဲ့ ကျန်တဲ့စီမံကိန်း ၂ ခုကနေ ၈၂၆ မဂ္ဂါဝပ်၊ စုစုပေါင်း ဓာတ်အားပမာဏ ၉၆၁ မဂ္ဂါဝပ်ကို ၂၀၂၂ ခုနှစ်ကစပြီး တိုးမြှင့်ထုတ်လုပ်ပေးနိုင်မယ်လို့လည်း ပြောပါတယ်။ မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံတို့အကြား နိုင်ငံတော်အတွက် အရေးကြီးတဲ့ Infrastructure စီမံကိန်းကြီးတွေကို ပူးပေါင်းဆောင်ရွက်နေပြီး ကျောက်ဖြူ မဒေးကျွန်းမှာ တည်ဆောက်ထားတဲ့ ရေနက်ဆိပ်ကမ်းကနေ ရေနံစိမ်းတွေကို တရုတ်နိုင်ငံအထိ ရေနံပိုက်လိုင်းနဲ့ တင်ပို့နေတာပါ။ ဒါ့အပြင်ရွှေကမ်းလွန်သဘာဝဓာတ်ငွေ့ကို မြန်မာနိုင်ငံ ပြည်တွင်းလိုအပ်ချက်အတွက်နဲ့ တရုတ်နိုင်ငံကို သဘာဝဓာတ်ငွေ့ပိုက်လိုင်းနဲ့ တင်ပို့နေတာ၊ ကမ်းလွန်ဓာတ်ငွေ့လုပ်ကွက် AD-1 ၊ AD-6 နှင့် AD-8 တို့မှာလည်း တရုတ်နိုင်ငံကုမ္ပဏီ အပါအဝင် တခြားနိုင်ငံတွေနဲ့ ဖက်စပ် ရေနံနဲ့ သဘာဝဓာတ်ငွေ့ရှာဖွေတူးဖော် ထုတ်လုပ်နိုင်ရေးအတွက် တိုင်းတာရေးနဲ့ စူးစမ်းရှာဖွေရေး လုပ်ငန်းတွေ ဆောင်ရွက်နေတယ်လို့ ဝန်ကြီးက ပြောပါတယ်။ လျှပ်စစ်ကဏ္ဍမှာလည်း ရွှေလီ (၁) ၄၀၀ မဂ္ဂါဝပ်၊ ချီဖွေငယ် ၉၉ မဂ္ဂါဝပ်၊ သာကေတ CCGT ၁၀၆ မဂ္ဂါဝပ် စီမံကိန်းတွေကနေ နိုင်ငံတော်ဓာတ်အားစနစ်ဆီ လျှပ်စစ်ဓာတ်အားတွေကို ထုတ်လုပ်ဖြန့်ဖြူးနေတယ်လို့ ပြောပါတယ်။ အမျိုးသားလျှပ်စစ်ဓာတ်အားစီမံချက်အရ ၂၀၁၇-၁၈ ခုနှစ်မှာ ရေအားကနေ လျှပ်စစ် ၆၀ ရာခိုင်နှုန်း၊ သဘာဝဓာတ်ငွေ့ကနေ ၃၆ ရာခိုင်နှုန်း၊ ကျောက်မီးသွေးကနေ ၂ ရာခိုင်နှုန်း ထုတ်လုပ်နေပြီး ၂၀၂၀-၂၁ ခုနှစ်မှာတော့ ရေအားက ၅၄ ရာခိုင်နှုန်း၊ ကျောက်မီးသွေးကနေ ၂၂ ရာခိုင်နှုန်း၊ သဘာဝ ဓာတ်ငွေ့ကနေ ၂၂ ရာခိုင်နှုန်း ထုတ်လုပ်ဖို့ ရည်မှန်းထားတာ တွေ့ရပါတယ်။ ၂၀၃၀-၃၁ ခုနှစ်မှာတော့ ရေအားက ၃၈ ရာခိုင်နှုန်း၊ ကျောက်မီးသွေးကနေ ၃၃ ရာခိုင်နှုန်း၊ သဘာဝဓာတ်ငွေ့ကနေ ၂၀ ရာခိုင်နှုန်း ထုတ်လုပ်ဖို့ ရည်မှန်းထားတာကြောင့် ရေအားက ထုတ်လုပ်တာ လျှော့လာပြီး ကျောက်မီးသွေးကတော့ နှစ်တိုင်း တိုးပြီး သုံးလာတာတွေ့ရပါတယ်။ ဓာတ်ပုံ-MOEE
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024