အမြန်လမ်းမကြီးအနီး ဆည်ရေပေးမြောင်းအတွင်းက ကာဘိုင်သေနတ် ကျည်ဆန်များတွေ့ရှိ
DVB
·
November 6, 2019
နေပြည်တော်-ရန်ကုန် အမြန်လမ်းမကြီးအနီး အုတ်တွင်းမြို့နယ် MC ဆည်ရေပေးမြောင်းမ ကြီး အတွင်းကနေ အသုံးပြုလို့ရတဲ့ ကာဘိုင်ကျည်ဆန်တွေ အများအပြား တွေ့ရှိခဲ့တယ်လို့ အမြန်လမ်းရဲတပ်ဖွဲ့က သိရပါတယ်။
နိုဝင်ဘာလ ၅ ရက် ညနေ ၄ နာရီဝန်းကျင်က ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်၊ အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၄၃ မိုင် ၆ ဖာလုံနဲ့ ၇ ဖာလုံအကြား MC ရေပေးမြောင်းမကြီးအတွင်း ဂုံးရှာ ငါးရှာနေသူတဦးက ကတ်ထူစက္ကူဖာနဲ့ထည့်ထားတဲ့ စစ်စိမ်းရောင်ကျည်ခါးပတ်အိတ် ၃ အိတ်အတွင်းက အသုံးပြုလို့ရတဲ့ ကာဘိုင်ကျည် ပွိုင့် ၃၀ ကျည်အတောင့် ၃၀၀ ကို တွေ့ရှိခဲ့တာပါ။
ဇီးပင်သာအမြန်လမ်းရဲစခန်း စခန်းမှူး ရဲအုပ်မင်းနိုင်က ''ကြက်တက်ညောင်ပင်ကျေးရွာ အုပ်ချုပ်ရေးမှူးက လှမ်းအကြောင်းကြားလို့ အဲ့နေရာကို သွားကြည့်တယ်။ ခပေါင်းဆည်က ရေပေး တဲ့ မြောင်းပေါ့နော်။ မိုင်တိုင် ၁၄၃ ပေါ့။ ရန်ကုန်-နေပြည်တော်လမ်းဘက် အရှေ့ဘက်ခြမ်းမှာ တွေ့တာ၊ တွေ့တာက ပိတောက်ခင်ကျေးရွာက ဦးအောင်ဆန်းက ဂုံးရှာရင်းက တွေ့တာ။ ဘိလပ်မြေခဲနေတဲ့ အိတ်အောက်မှာ တွေ့တာ”လို့ ပြောပါတယ်။
အခုလို တွေ့ရှိခဲ့တဲ့ကျည်ဆန်တွေကို အုတ်တွင်းမြို့မရဲစခန်းက ဒုရဲအုပ် သန်းဇော်ဦးနဲ့အဖွဲ့က လာရောက်သိမ်းဆည်းသွားပြီး အုတ်တွင်းတပ်နယ်သို့ သွားရောက်အပ်နှံလိုက်တယ်လို့လည်း သိရပါတယ်။
သတင်း-သားကြီး