Home
မြန်မာသတင်း
မုန်တိုင်းငယ် ပုသိမ်မြို့နှင့်ဂွမြို့ အနောက်တောင်ဘက် မိုင် ၃၀၀ ကျော်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေ
DVB
·
November 6, 2019
ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်(Depression)ဟာ မြန်မာနိုင်ငံ၊ ပုသိမ်မြို့ရဲ့  အနောက်တောင်ဘက် ရေမိုင် ၃၅၅ မိုင်ခန့်နဲ့ ဂွမြို့ရဲ့ အနောက်တောင်ဘက် ရေမိုင် ၃၈၀ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေတယ်လို့ မိုးဇလဌာနက ဒီမနက် ထုတ်ပြန်ပါတယ်။  နိုဝင်ဘာ ၆ ရက် မနက် ၆ နာရီခွဲအချိန် တိုင်းထွာချက်အရ  ဘင်္ဂလားပင်လယ်အော်အရှေ့ အလယ်ပိုင်းနဲ့ ဆက်စပ်နေတဲ့ ဘင်္ဂလားပင်လယ်အော်အရှေ့ တောင်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်(Depression)ဟာ  အနောက်ဘက်သို့ ရွေ့လျားခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။ ဒီနောက် မုန်တိုင်းငယ်ဟာ အိန္ဒိယနိုင်ငံ၊ မာယာဘန်ဒါမြို့၊ ကပ္ပလီကျွန်းရဲ့ အနောက်- အနောက် မြောက်ဘက် ရေမိုင် ၁၈၀မိုင်ခန့်၊ ပါရာဒစ်ပ်မြို့၊ ဩရိဿရဲ့  အရှေ့တောင်ဘက် ရေမိုင် ၄၆၀ မိုင်ခန့်၊ မြန်မာနိုင်ငံ၊ ပုသိမ်မြို့ရဲ့ အနောက်တောင်ဘက် ရေမိုင် ၃၅၅ မိုင်ခန့်နဲ့ ဂွမြို့ အနောက်တောင်ဘက် ရေမိုင် ၃၈၀ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေတယ်လို့ ခန့်မှန်းထုတ်ပြန်ပါတယ်။ ကပ္ပလီပင်လယ်ပြင်နဲ့  ဘင်္ဂလားပင်လယ်အော်တို့မှာ တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး  မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ရံဖန်ရံခါ မိုးသက် လေပြင်းကျရောက်ပြီး လှိုင်းကြီးနိုင်ပါတယ်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေဟာ တနာရီကို မိုင် ၄၀ အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ် ပြင်တို့မှာ ၈ ပေမှ ၁၂ ပေခန့် ရှိနိုင်ပါတယ်။ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ နေရာစိပ်စိပ်၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မကွေးတိုင်းဒေသကြီး၊ ကယားပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာကျဲကျဲနဲ့ ကျန်တိုင်းဒေသကြီးနဲ့ ပြည်နယ်တို့မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာပြီး၊ မန္တလေးတိုင်းဒေသကြီးနဲ့ မကွေးတိုင်းဒေသကြီးတို့မှာ နေရာကွက်ပြီး မိုးကြီးနိုင်ကာ ရွာရန်ရာနှုန်း ၈၀ ဖြစ်ပါတယ်။ ရန်ကုန်မြို့နဲ့ မန္တလေးမြို့နှင့်အနီး တဝိုက်အတွက် ဒီနေ့ညနေအထိခန့်မှန်းချက်အရ နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်တယ်လို့လည်း  မိုးဇလက ခန့်မှန်းထုတ်ပြန်ထားပါတယ်။ ဓာတ်ပုံ- DMH
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024