ကျိုက်ထီးရိုးတောင်ပေါ်၌ ရန်ပြုခဲ့သည့် ပျံကျစျေးသည်များကို တရားစွဲမည်
DVB
·
November 5, 2019
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ သမိုင်းဝင်ကျိုက်ထီးရိုးစေတီတောင်ပေါ်မှာ နိုဝင်ဘာ ၄ ရက် မနက်က ပျံကျစျေးရောင်းချနေသူတွေနဲ့ စေတီတော် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့တို့အကြား ပဋိပက္ခဖြစ်ပွားခဲ့ပါတယ်။
ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် ရင်ပြင်တော်အတက်လမ်းရှိ ခြင်္သေ့နှစ်ကောင်မုဒ်ဦးအဝ Mountain Top Hotel သွားရာလမ်းမှာ ပျံကျစျေးသည်တွေ ဈေးမရောင်းဖို့ လိုက်လံသတိပေးတားမြစ်ရာက ပြဿနာစ ဖြစ်ပွားခဲ့ကြတာပါ။
ကျိုက်ထီးရိုးဘဏ္ဍာထိန်းဂေါပကအဖွဲ့ ခေါင်းဆောင် ဦးကျော်ဝင်းလှိုင်က “ စည်းကမ်း ထိန်းတွေက စည်းမျဉ်း၊ စည်းကမ်းနဲ့အညီ တာဝန်ထမ်းဆောင် နေတဲ့အချိန်မှာ သူတို့က ရန်ပြုပြီးရိုက်နှက်ခဲ့တဲ့အပေါ် သာသနာညှိုးနွမ်းစေတာတွေလည်း ရှိနေပါတယ်။ ကျနော်တို့ဘက်က ၀တ္တရားနှောင့်ယှက်မှုနဲ့ တရားစွဲဆိုသွားဖို့ရှိပါတယ်။” လို့ ဒီဗွီဘီကိုပြောပါတယ်။
အဲ့ဒီခိုက်ရန်ဖြစ်ပွားခဲ့မှုကြောင့် စေတီတော်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ဝင် ၁၂ဦး အရိုက်ခံရပြီး ၄ ဦး ဒဏ်ရာတွေရရှိခဲ့ကာ ပျံကျစျေးသည်တွေဘက်ကလည် လူအနည်းငယ်ထိခို က်ဒဏ်ရာရခဲ့ပါတယ်။
အခုလို ခိုက်ရန်ဖြစ်ပွားမှုနဲ့ပတ်သက်ပြီး စေတီတော်ဘဏ္ဍာတော်ထိန်းဂေါပက အဖွဲ့ရုံးက မွန်ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီးနဲ့ ပြည်နယ်အစိုးရအဖွဲ့ထံအ ကြောင်းကြားထားပြီး ရဲအင်အားထပ်မံဖြည့်တင်းကာ စောင့်ကြည့်သွားဖို့ရှိနေပါတယ်။
သတင်း- ယူမင်းစိုး