တိုက်ကြီးမြို့နယ်တွင် တောခေါင်းနှင့် သစ်တောရဲ စကားများရန်ဖြစ်ရာက သေနတ်ပစ်ဖောက်
DVB
·
November 5, 2019
ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်၊ တဘူးလှဆည်ရှိတဲ့ ကြိုးဝိုင်းမှာ နိုဝင်ဘာ ၃ ရက် ညက သစ်တောဦးစီးဌာနတာဝန်ခံ တောခေါင်းနဲ့ သစ်တောရဲတပ်ဖွဲ့တို့ သစ်ခိုးထုတ်တဲ့ဆိုင်ကယ်တွေဆီ ကနေ ငွေတောင်းတာနဲ့ပတ်သက်ပြီး စကားများရန်ဖြစ်ရာက သေနတ်ပစ်ဖောက်မှုဖြစ်ပွားခဲ့ပါ တယ်။
တမံ(၁)ကျေးရွာ ဆယ်အိမ်မှူး ကိုကျော်မိုးက "ည ၁၀ နာရီကျော်လောက်မှာ ကျနော်နဲ့ တောအုပ်ကြီး လက်ဖက်ရည် ထိုင်သောက်နေတုန်း တောခေါင်းအောင်ကျော်ဇင် ရောက်လာတယ်။ သူနောက်မှာ သစ်တောရဲအဖွဲ့သုံးယောက်လိုက်လာပြီး သေနတ်နဲ့ထိုးချိန်တယ်။ ကျနော်တို့ ဝိုင်းတားတော့ အပြင်ထွက်သွားပြီး ဆဲတော့တာပဲ။ တိုင်ချင်ရာတိုင် ဂရုမစိုက်ဘူး။ သစ်တော ဦးစီးကို ဆဲတယ်။ အောင်ကျော်ဇင်က ပြတာတော့ သေနတ်နဲ့ ရိုက်လို့ လက်နာသွားတယ်ပြောတယ်။ သေနတ်ဖောက်သံ သုံးချက်ကြားတယ်"လို့ပြောပါတယ်။
တဘူးလှဆည်ဟာ ပုဒ်မ (၁၄၄)ထုတ် ပြန်ထားတဲ့ နယ်မြေဖြစ်ပြီး ညစဉ်တရားမဝင် သစ်ထုတ်တာတွေရှိနေသလို ငွေကြေးကောက်ခံနေတာတွေလည်း ရှိနေပါတယ်။ ဆည်အတွင်း တရားမဝင် သစ်၊မီးသွေးတွေကို ဆင်တွေနဲ့ပါ ထုတ်လုပ်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
မျက်မြင်တွေ့ရှိသူ တမံ(၁) ကျေးရွာနေ ကိုဖိုးကျော်က "စဖြစ်တာက ငွေကြေးတောင်းတဲ့ ကိစ္စကနေ ဖြစ်တာ။ မစိုးမာဦးတို့နဲ့ သစ်တောရဲအဖွဲ့တွေ စကားများပြီး လူပါးဝတယ်။ ဖမ်းမယ်ဆီးမယ်ပြောပြီး တမံ(၂)ကိုထွက်သွားတော့ တောခေါင်း ကိုအောင်ကျော်ဇင်နဲ့ မစိုးမာဦး လင်မယားနောက်ကနေ လိုက်သွားတယ်။ တမံ(၂)ရောက်တော့ ကိုအောင်ကျော်ဇင်က ပြောတာ ကို သစ်တောရဲက ဒုတပ်ကြပ်မောင်လှစံက မင်းက ဘာကောင်လဲ၊ မင်းနဲ့ ဘာဆိုင်လဲဆိုပြီး သေနတ်နဲ့ထိုးချိန်တယ်။ ပြီးတော့ သေနတ်ပြောင်းကို ပြန်လှည့်ကိုင်ပြီးရိုက်တာ။ သုံးချက် လောက်ရိုက်တယ်။ ဘေးက တယောက်က သေနတ်ပစ်ဖောက်တယ်။”လို့ ပြောပါတယ်။
ခုပြဿနာဟာ ဌာနဆိုင်ရာ နှစ်ခုဖြစ်တဲ့အတွက် သေချာသိရအောင် သစ်တော ဝန်ထမ်းတွေနဲ့ သစ်တောရဲတပ်ဖွဲ့တွေကို ရုံးကိုလာဖို့ ခေါ်ထားတဲ့အကြောင်း တိုက်ကြီးမြို့နယ် သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးဇော်ဇော်မင်းရဲ့ပြောပြချက်အရ သိရပါတယ်။
သစ်တောရဲတပ်ဖွဲ့တာဝန်ရှိသူ ဗိုလ်ကြီးထွန်းထွန်းဝင်းအေးကတော့ ဘာကြောင့်ဖြစ်တယ်ဆို တာကို အတိအကျ မသိသေးတဲ့အတွက် တပ်ဖွဲ့ဝင်တွေ စေလွှတ်ပြီး စုံစမ်းခိုင်းထားတဲ့ အကြောင်းနဲ့ ဘာကြောင့်ဖြစ်တယ်ဆိုတာကို သေချာသိရမှ ဘယ်လိုအရေးယူ ဆောင်ရွက်ရမယ်လို့ ပြောပါတယ်။
သတင်း - မေသွယ်