Homeမြန်မာသတင်း
ဆီးရီးယားနိုင်ငံမြောက်ပိုင်းတွင် ကချင်ကျန်းမာရေးဝန်ထမ်း ၁ ဦး လက်နက်ကြီးကျဉ်ထိမှန်သေဆုံး
ဆီးရီးယားနိုင်ငံမြောက်ပိုင်းတွင် ကချင်ကျန်းမာရေးဝန်ထမ်း ၁ ဦး လက်နက်ကြီးကျဉ်ထိမှန်သေဆုံး
DVB
·
November 5, 2019
Free Burma Rangers (FBR) အဖွဲ့ဝင် ကျန်းမာရေးလုပ်သားနဲ့ ဓာတ်ပုံဆရာ ကချင်လူမျိုး ဇော်ဆိုင်းဟာ နိုဝင်ဘာလ ၃ ရက်နေ့က လွတ်လပ်သောဆီးရီးယားစစ်တပ် / တူရကီကြည်းတပ်ရဲ့ လက်ချက်နဲ့ သေဆုံးသွားပါတယ်။
ဆီးရီးယားနိုင်ငံမြောက်ပိုင်း တယ်တမီရာမြို့နဲ့ ၄ ကီလိုမီတာအကွာတိုက်ပွဲအတွင်းမှာ လက်နက်ကြီးကျည်ကျရောက် ထိမှန်သေဆုံးခဲ့တာဖြစ်တယ်လို့ Free Burma Rangers (FBR)က ထုတ်ပြန်ထားပါတယ်။
ဇော်ဆိုင်းဟာ Free Burma Rangersအဖွဲ့မှာ ၂၀၀၆ ခုနှစ်ကတည်းက စတင်ဝင်ရောက်ပြီး စစ်မက်တွေဖြစ်ပွားနေတဲ့ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နဲ့ ရှမ်းပြည်နယ်တွေမှာ အိုင်ဒီပီ လူထုတွေကို ကျန်းမာရေးနဲ့ ကင်မရာ မှတ်တမ်းတင်မှုတွေကို လုပ်ဆောင်ခဲ့သူဖြစ်ပါတယ်။
ဒါ့အပြင် လက်ရှိ စစ်ပွဲတွေဖြစ်ပွားနေတဲ့ အီရတ်နဲ့ ဆီးရီးယားနိုင်ငံက ပြည်သူတွေကို ကျန်းမာရေးနဲ့ ရိုက်ကူးရေးအတွက် သွားရောက်ကူညီခဲ့ပါတယ်။
အီရတ်နဲ့ ဆီးရီးယားနိုင်ငံတွေကို ၂၀၁၆ ခုကတည်းက စတင်သွားရောက်ပြီး အခေါက်ရေ ၉ ခေါက်လောက်ရှိခဲ့ပြီလည်း ဖြစ်ပါတယ်။
အဆိုပါနိုင်ငံတွေကို သွားရောက်ကူညီတဲ့နေရာမှာ တခါသွားရင် တလ၊ နှစ်လ ကြာမြင့်ပြီး အခု နောက်ဆုံး စစ်မက်ဖြစ်ပွားနေတဲ့ ဆီးရီးယားနိုင်ငံမြောက်ပိုင်းကို သွားရောက်ကူညီရာမှာ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲပြီး ကျည်စထိမှန်သေဆုံးသွားတာပါ။
ဇော်ဆိုင်းမှာ ၁ နှစ်အရွယ်သမီးလေးတယောက်နဲ့ ဇနီးဖြစ်သူတို့ကျန်ခဲ့ပြီး သူ့အမျိုးသမီးနဲ့ ကလေးတွေကို ပြုစုစောင့်ရှောက်သွားမယ်လို့လည်း Free Burma Rangers က ထုတ်ပြန်ထားပါတယ်။