ရွှေနဒီအမြန်ယာဉ်ပေါ်က ဖမ်းဆီးသွားသူ ၂၅ ဦးကို အေအေပြန်လွှတ်ပေး
ဝဏ္ဏခွာညို
·
November 5, 2019
ရွှေနဒီအမြန်ရေယာဉ်ပေါ်ကနေ ဖမ်းဆီးသွားသူတွေအထဲက အရပ်သား ၂၅ ဦးကို နိုဝင်ဘာ ၅ ရက် မနက်ပိုင်းမှာ ပြန်လွှတ်ပေးလိုက်တယ်လို့ ရက္ခိုင့်တပ်တော် (အေအေ) ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ဒီဗွီဘီကို ပြောပါတယ်။
ပြန်လွှတ်ပေးလိုက်တဲ့ ၂၅ ယောက်ကို ဘူးသီးတောင်းမြို့နယ် ငွေတောင်ကျေးရွာက ဘုန်းတော်ကြီးကျောင်းမှာ ကျေးရွာအုပ်ချုပ်ရေးမှူးကနေတဆင့် လွှဲပြောင်းပေးခဲ့တာ ဖြစ်ပါတယ်။
အေအေပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက “ဒီကနေ့ မနက်ပိုင်းက ရွှေနဒီဖြစ်စဉ်မှာ ကျနော်တို့ ကယ်ထုတ်လာခဲ့တဲ့ အရပ်သားစစ်စစ် ၂၅ ဦးပေါ့နော် အကုန်ယောကျ်ားတွေပဲ၊ အဲ့ဒီလူ ၂၅ ဦးကို ကျနော်တို့ ဒီနေ့ မနက် ၆ နာရီမှာ ဘူးသီးတောင်မြို့နယ် ငွေတောင်ကျေးရွာက ဘုန်းတော်ကြီး ကျောင်းမှာ ငွေတောင်ကျေးရွာ အုပ်ချုပ်ရေးမှူးရဲ့ လက်ထဲကို ကောင်းကောင်းမွန်မွန်စွာနဲ့ လွှဲပြောင်းပေးအပ်ခဲ့တယ်။ ခရီးစရိတ်အနေနဲ့တယောက်ကို ကျပ် ၁၅၀၀၀ ထုတ်ပေးခဲ့ပြီး သူတို့မှာ ပါလာတဲ့ ဖုန်းတွေ၊ ခရီးဆောင်အိတ်တွေ၊ ပစ္စည်းတွေကိုလည်း တခုမကျန်ပေးအပ်ခဲ့တယ်” လို့ ပြောပါတယ်။
အေအေက ဆက်လက်ဖမ်းဆီးထားတဲ့ စစ်တပ်နဲ့ပတ်သက်တဲ့သူတွေကိုတော့ လုံခြုံရေးနဲ့ ဆက်စပ်တဲ့အတွက်ကြောင့် အရေအတွက်ကိုပြောဆိုလို့မရဘူးလို့ ခိုင်သုခပြောဆိုပါတယ်။
အောက်တိုဘာ ၂၇ ရက်က ရွှေနဒီအမြန်ရေယာဉ်မှာ လိုက်ပါလာတဲ့ ခရီးသည်တွေထဲက တပ်မတော်သား ၁၄ ဦး၊ ရဲတပ်ဖွဲ့ဝင် ၂၉ ဦးနဲ့ အကျဉ်းဦးစီးဌာနက ဝန်ထမ်း ၂ ဦး၊ အရပ်သား ၁၃ ဦး စုစုပေါင်း ၅၈ ဦးတို့ကို အေအေအဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာပါ။
ဖမ်းဆီးခေါ်ဆောင်ခံရသူတွေကို တပ်မတော်က စစ်ရဟတ်ယာဉ်တွေ အသုံးပြုပြီး အမြန်ဆုံး လိုက်လံရှာဖွေကယ်တင်ရာမှာ အောက်တိုဘာ ၂၈ ရက်အထိ ၁၅ ဦးကို ကယ်တင်နိုင်ခဲ့တယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ထားပါတယ်။
ရွှေနဒီအမြန်ရေယာဉ်ပေါ်ကနေ ဖမ်းဆီးထားသူတွေကို စက်လှေသုံးစီးနဲ့ ခေါ်ဆောင်သွားရ မှာ တပ်မတော်ဘက်က ရဟတ်ယာဉ် ၃ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အေအေတပ်ဖွဲ့ဝင် တချို့နဲ့ စက်လှေပေါ်ပါလာတဲ့သူ တချို့ ထိခိုက်ဒဏ်ရာရ သေဆုံးခဲ့တယ်လို့ အေအေဘက်က သတင်း ထုတ်ပြန်ခဲ့ပါတယ်။
ရွှေနဒီအမြန်ရေယာဉ် ဖြစ်စဉ်နဲ့ပတ်သက်လို့ သတင်းပေါက်ကြားတယ်လို့ဆိုပြီး ဘူးသီးတောင်မြို့က ရွှေနဒီအမြန်ရေယာဉ်ပိုင်ရှင်နဲ့ ရေယာဉ်ဝန်ထမ်း ၇ ဦး စုစုပေါင်း ၈ ဦးကို ဘူးသီးတောင်မြို့နယ်တရားရုံးမှာ ရမန်ယူပြီး စစ်ဆေးနေပါတယ်။