ထိုင်းရဲတပ်ဖွဲ့ဝင် ၁ ဦး သေနတ်ကျည်ဆန်ပွင့်ထွက်ပြီး ချစ်သူမိန်းကလေး၏ ဦးခေါင်းကို ထိမှန်

2.3K
ထိုင်းမြောက်ပိုင်း၊ ချင်းမိုင်မြို့ထဲမှာ ထိုင်းရဲတပ်ဖွဲ့ဝင်တဦးရဲ့ သေနတ်ကနေ ကျည်ဆန်ပွင့်ထွက်ပြီး ချစ်သူမိန်းကလေးရဲ့ ဦးခေါင်းကို ထိမှန်ကာ အပြင်းအထန် ဒဏ်ရာရသွားတယ်လို့ ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။
နိုဝင်ဘာလ ၄ ရက် မနက် ၅ နာရီလောက်က ချင်းမိုင်မြို့ ပါဒန်းရပ်ကွက်၊ ဘန်ထော့လမ်းရှိ ကားတစီးထဲမှာ ပစ်ခတ်မှုဖြစ်ပွားပြီး ထိမှန်ဒဏ်ရာရသူရှိကြောင်း သတင်းရတဲ့အတွက် အခင်းဖြစ်တဲ့ နေရာကို ချက်ချင်း လိုက်သွားခဲ့တယ်လို့ ချန်းဖိုတ်ရဲစခန်း တာဝန်ကျရဲအုပ်က သတင်းထောက်ကို ပြောပါတယ် ။
ဒါပေမဲ့ အဲဒီနေရာရောက်တဲ့အခါ ယာဉ်မောင်းက သူ့ကားနဲ့ ဒဏ်ရာရသူကို ဆေးရုံခေါ်သွားပြီလို့ မျက်မြင်တွေက ပြောတဲ့အတွက် မဟာရတ်ချ်ဆေးရုံကြီးဆီ လိုက်လာခဲ့ကြောင်း၊ ဆေးရုံရှေ့မှာ အခင်းဖြစ်တဲ့ကားနဲ့ ယာဉ်မောင်းကို တွေ့တော့ စစ်ဆေးမေးမြန်းရာမှာ သေနတ်ထိမှန်သူဟာ အသက် ၁၈ နှစ်ရှိ သက်မွေးသိပ္ပံကျောင်းက ပထမနှစ်ကျောင်းသူ နန်းဆော၀်ဝင်း ဖြစ်ပြီး ဦးခေါင်းမှာ ကျည်သင့်တဲ့ဒဏ်ရာနဲ့ အရေးပေါ်ခန်းမှာ ဆရာဝန်တွေက အသက်လု ကုသပေးနေတယ်လို့ ဆိုပါတယ်။
ယာဉ်မောင်းဟာ ထိုင်းမူးယစ်ရဲတပ်ဖွဲ့က တပ်ကြပ်ကြီးတဦး ဖြစ်ပြီး သူ့ရဲ့ရည်းစားဖြစ်သူ နန်းဆော၀်ဝင်းကို အဆောင်ကနေ သွားကြိုလာခဲ့ကြောင်း၊ ရည်းစားက ဘေးကထိုင်လိုက်လာစဉ် သူ့ဖုန်းထဲကို မက်ဆေ့ချ်တခု ဝင်လာလို့ မိန်းကလေးက သဝန်တိုကာ ပြဿနာရှာပြီး စကားများခဲ့ကြောင်း၊ မိန်းကလေးက သူ့မျက်နှာကို လက်သည်းနဲ့ အရင်ကုတ်လို့ သူက ဘေးအိတ်ထဲက သေနတ်ထုတ်စဉ် မိန်းကလေးက ဝင်လုလို့ နှစ်ဦးသား သေနတ်လုစဉ် ကျည်ဆန်ထွက်ပြီး မိန်းကလေးခေါင်းကို ထိသွားတာလို့ ဆိုပါတယ်။
ဒီလိုဖြစ်သွားရတဲ့အပေါ်မှာ ရဲတပ်ကြပ်ကြီးက သူ့အပြစ်သူဝန်ခံပြီး ၁၁-မမ ပစ္စတိုသေနတ်နဲ့ ကျည် ၄ တောင့်နဲ့အတူ ရဲစခန်းမှာ အဖမ်းခံခဲ့ပါတယ်။
source: Thairath