ကချင်နှင့် ချင်းပြည်နယ်မှ လွဲပြီး နိုင်ငံတဝန်း မိုးရွာနိုင်
DVB
·
November 4, 2019
ကချင်ပြည်နယ်နဲ့ ချင်းပြည်နယ်ကလွဲပြီး တနိုင်ငံလုံးမှာ မိုးရွာနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ခန့်မှန်း ထုတ်ပြန်ထားပါတယ်။
ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းမှာ ဖြစ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ မုန်တိုင်းငယ် ဖြစ်လာနိုင်တာကြောင့် အခု နေ့လယ်ကနေ နောက် ၄၈ နာရီအတွင်း ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီတိုင်းနဲ့ ကယား၊ ကရင်နဲ့ မွန်ပြည်နယ် တို့မှာ နေရာစိပ်စိပ်၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေး တိုင်း၊ မကွေးတိုင်းနဲ့ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ် တောင်ပိုင်းနဲ့ အရှေ့ပိုင်းတို့မှာ နေရာကျဲကျဲ မိုးထစ်ချုန်း ရွာနိုင်တယ်လို့ ဒီနေ့ မွန်းလွဲ ၂ နာရီအချိန်မှာ ထုတ်ပြန်ထားတာပါ။
လေဖိအားနည်းရပ်ဝန်းဟာလည်း အနောက်- အနောက်မြောက်ဘက်သို့ရွေ့လျားလို့ ပိုအားကောင်း လာနိုင်ပြီး နောက် ၄၈ နာရီအတွင်း ဘင်္ဂလားပင်လယ်အော်အရှေ့ အလယ်ပိုင်းမှာ မုန်တိုင်းငယ်ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ တခါတခါ မိုးသက်လေပြင်းကျပြီး လှိုင်းကြီးနိုင်သို မိုးသက်လေပြင်းကျတုန်း ရေပြင်/ မြေပြင်လေဟာ တနာရီ မိုင် ၄၀ အထိ တိုက်ခတ်နိုင်ပါတယ်။
လှိုင်းအမြင့်ကတော့ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်- တနင်္သာရီကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန် ပင်လယ်ပြင်တို့မှာ ၈ ပေကနေ ၁၂ ပေလောက်၊ ရခိုင်ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ၄ ပေကနေ ၇ ပေလောက်ထိ ရှိနိုင်ပါတယ်။
ဒါကြောင့် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန် ပင်လယ်ပြင်တို့က ကမ်းနီး၊ ကမ်းဝေး ငါးဖမ်း ရေယာဉ်တွေ၊ သင်္ဘောတွေအနေနဲ့ ကြိုတင် သတိပြုကြဖို့လည်း အကြုံပြုထားပါတယ်။