Home
ဆောင်းပါး
လုံးဝဖျက်သိမ်းပစ်ရမည့် တက္ကသိုလ်မြေက သစ်ခုတ်လမ်းဖောက်ပွဲ 
DVB
·
November 4, 2019
တက္ကသိုလ်နယ်မြေက သစ်ပင်ခုတ်ပွဲတော်ကြီးအကြောင်း လူမှုကွန်ရက်ပေါ်မှာရော ပြည်သူတွေကြားမှာပါ ခုရက်ပိုင်းအတွင်း ကျွက်ကျွက်ညံနေလေရဲ့။ ကျနော် စိုးရိမ်မိတာက သစ်ပုပ်ပင်ကြီး ပါသွားမှာကိုပါ။ မဆင်ခြင်တတ်သူက ဘာမှ မျှော်ရှုမကြည့်တတ်ကြဘူးလေ။ ဒီတော့ စိုးရိမ်မယ်ဆိုလည်း စိုးရိမ်စရာပါ။ တခြားမကြည့်နဲ့ ဘွဲ့နှင်းသဘင်ရှေ့၊ အဓိပတိလမ်းထိပ်၊ ဝဲယာမှာရှိတဲ့ စိန်ပန်းနီပင် နှစ်ပင်တောင် အနီရောင်ဟာ တော်လှန်ရေးကို ကိုယ်စားပြုတာမို့ ဆိုပြီး ခုတ်လှဲခဲ့ကြသေးတာကလား။ စစ်အာဏာမသိမ်းမီကဆိုရင် ဇွန်လ ကျောင်းဖွင့်ပြီဆိုတာနဲ့ ဘွဲ့နှင်းသဘင်ရှေ့ စိန်ပန်းပင် နှစ်ပင်လုံးက အဓိပတိလမ်းထိပ် ဝဲယာမှာ တပင်လုံး ရဲနေအောင် ပွင့်နေတာ။ သိပ်ပနံတင့်ပေတာပဲ။ တက္ကသိုလ်အလှကို ဖြည့်စွက်ပုံဖော်နေသလိုလို။ ပန်းချီဆရာတွေ အလှဓာတ်ပုံရိုက်လိုသူတွေနဲ့ အပြည့်ပဲ။ အဲဒီခေတ် ကျောင်းသား၊ ကျောင်းသူတိုင်းရဲ့ မှတ်တမ်းဓာတ်ပုံတွေမှာ တွေ့နေကျ။ မြင်နေကျ။ လွမ်းမောဖွယ်ရာ တက္ကသိုလ်ရဲ့ အမှတ်တရတွေ။ ကမာရွတ်မှာရှိတဲ့ တက္ကသိုလ်ကျောင်းတိုက်ကြီးနဲ့ပတ်သက်ရင် ပြောစရာတွေ အများကြီးပဲ။ မရိုးနိုင်အောင် ရှိခဲ့တယ်။ ဖြစ်ရပ်တိုင်း ဖြစ်ရပ်တိုင်းဟာ ကျင်လည်ရာ ခေတ်ကာလအလျောက် တက်ရောက်ခဲ့ကြတဲ့ ကျောင်းသားတိုင်းရဲ့ ပုံရိပ်တွေနဲ့ ပြည့်နေတာ။ ပုံရိပ်တိုင်းဟာ သူ့ပိုင်ရှင်နဲ့သူ ရှိခဲ့တယ်။ သူခေတ်နဲ့သူ ပိုင်ဆိုင်ခဲ့ကြတယ်။ တက္ကသိုလ်ကျောင်းနဲ့ ပတ်သက်ရင် ဘယ်သူမှ လက်လွတ်စပယ် လုပ်ခွင့်မရှိဘူး။ ပါမောက္ခချုပ်လည်း မပိုင်သလို အစိုးရလည်း မပိုင်ခဲ့ဘူး။ ပညာရေးဝန်ကြီးလည်း မပိုင်ခဲ့ဘူး။ တက္ကသိုလ်အာဏာပိုင်အဖွဲ့လည်း မပိုင်ခဲ့ဘူး။  ရန်ကုန်ကောလိပ်ကို စတင်စဉ်က ၁၈၆၀ ပြည့်နှစ် ကုမ္ပဏီအက်ဥပဒေအရ တည်ထောင်ခဲ့တာ။ ဒါကြောင့် ပညာရေးစင်ဒီကိတ်ဖွဲ့ပြီး အုပ်ချုပ်ခဲ့တာ။ ၁၉၂၀ တက္ကသိုလ်အက်ဥပဒေ ပေါ်လာပြီးမှ တက္ကသိုလ်အုပ်ချုပ်ရေးကောင်စီနဲ့ ဆိနိတ်တို့က တာဝန်ယူခဲ့ကြတာ။ တက္ကသိုလ်အုပ်ချုပ်ရေးကောင်စီမှာ ကျောင်းသားသမဂ္ဂ ကိုယ်စားလှယ် ၂ ဦး ပါဝင်ခဲ့တယ်။ ဒီလို စနစ်တကျ ဖွဲ့စည်းပြီး စီမံခန့်ခွဲခဲ့ကြတာ။ တက္ကသိုလ်ရာပြည့်ဟာ ၁၉၂၀ မှာ စတယ်ဆိုပေမယ့် ကမာ ရွတ်ကျောင်းတိုက်ကြီးကတော့ ၁၉၂၇ ခုနှစ်ထဲရောက်မှ မြေရှင်းခုတ်ထွင်နိုင်ရုံပဲ ရှိသေးတယ်။ ပထမ တက္ကသိုလ်ကျောင်းတိုက်ကြီးလုပ်ဖို့ ရည်ရွယ်ခဲ့တဲ့နေရာက ရှစ်မိုင်ရှိ တံတားလေး မြေနေရာကို ရည်ရွယ်ခဲ့တာ။ ဒါပေမဲ့ ဘုရင်ခံ ဆာဟာကုတ်ဘတ်တလာက အဲဒီနေရာဟာ ကျဉ်းတယ်။ ရန်ကုန်ယူနီဗာစီတီကောလိပ်ဟာ အာရှမှာ အကောင်းဆုံးနဲ့ အခံ့ညားဆုံး ဖြစ်ချင်တဲ့အတွက် သူ့ထက်ကျယ်တဲ့ မြေနေရာကို လိုချင်တယ်။ ဒီလိုနဲ့ သင့်တော်မယ့် မြေနေရာကို ရှာရင်း ကမာရွတ်မှာ ဦးဘကျော် ပိုင်တဲ့ မြေဧက ၄၁၄ ဧကရှိတဲ့ မရန်းခြံကြီးကို ဝယ်လိုက်တာပါပဲ။ တက္ကသိုလ်ရဲ့ အနာဂတ်ကို မျှော်ကြည့်ရင် ဒီလောက်အကျယ်ရမှ ဖြစ်နိုင်မယ်လို့ အမြော်အမြင်ကြီးခဲ့တဲ့ ရှေးလူတွေကို ကျေးဇူးတင်ကြရမှာပါ။ ဝင်ဒါမီယာနဲ့ အင်းလျားမြိုင်တို့ဟာ တက္ကသိုလ်ကို မြေထောက်ခ၊ ငှားရမ်းခ ပေးခဲ့ကြရတာ။ တက္ကသိုလ်ပိုင်မြေတွေ။ ဗိုလ်နေဝင်း အိမ်စောင့်အစိုးရလက်ထက်မှာ မြူနီစီပယ်ကို ထင်ရာစိုင်းခဲ့ရာက တက္ကသိုလ်ကို မြေခွန်မပေးကြရတော့တာလို့ သိရတယ်။ ကမာရွတ် တက္ကသိုလ်ကျောင်းတိုက်ကြီးကို စတင်ဆောက်ခဲ့တာက ၁၉၂၉ ထဲမှ ဆောက်ခဲ့တာ။ ၁၉၂၇-၂၈ ထဲ ရောက်မှ တက္ကသိုလ်ရိပ်သာလမ်းနဲ့ အင်းလျားလမ်းကို စဖောက်ခဲ့တယ်။ တက္ကသိုလ်ထဲ လမ်းတွေဖောက်၊ မြေညှိပြီး Landscape ရေးကတည်းက ဘယ်နေရာက ကျောင်းသားသမဂ္ဂအဆောက်အုံ။ ဘယ်နေရာ စာသင်ဆောင်။ လူနေဆောင်တွေက ဘယ်နေရာ ထားမယ်ဆိုတာ အသေအချာ ရေးဆွဲခဲ့တာပါ။ တက္ကသိုလ်ကျောင်းတိုက်ကြီးရဲ့ ဝင်ပေါက်ကို ၁၅ ပေါက် ဖောက်ထားခဲ့တာ။ အဲဒီ ၁၅ ပေါက်မှာ ဘယ်နှခု ဖွင့်ထားလဲ။ ၁၉၈၀ ပြည့်လွန်နှစ်အထိ တံခါးပေါက် ၁၅ ပေါက်လုံး ဖွင့်ထားခဲ့သလို ကျောင်းဝင်းထဲမှာ သံတိုင်တွေကာပြီး နေရာကန့်ထားတာ မရှိခဲ့ဘူး။ နဝတ- နအဖ စစ်အစိုးရ လက်ထက်မှာတော့ ကျောင်းတွေကို နှစ်ရှည်လများ ပိတ်ပြီး ရန်ကုန်တက္ကသိုလ်ရဲ့ တံခါးပေါက်တွေအားလုံးလည်း  သော့ခတ်ပိတ်ထားခဲ့ရတာပါ။ တကယ်တော့ တက္ကသိုလ်ရိပ်သာလမ်းနဲ့ အင်းလျားလမ်းဟာ အဲဒီခေတ်ရဲ့ တက္ကသိုလ်ပတ်လမ်းပဲ ဖြစ်တယ်။ အင်းလျားကန်စပ်အထိ တက္ကသိုလ် ပိုင်တယ်။ တက္ကသိုလ်လှေလှော်သင်းတို့ အင်းလျားရှိ တက္ကသိုလ်ရေကူးကန်တို့ဟာ တက္ကသိုလ်ပိုင်မို့ ဒီနေရာတွေမှာ တည်ခဲ့ကြတာ။ အင်လျားထောင့်က မြေကွက်လပ်ကြီးဟာ တက္ကသိုလ်ဖယ်ရီ ကားတို့ ရပ်နားရာ ဖြစ်ခဲ့သလို ကျောင်းသားတို့ ဘောလုံးကန်တဲ့နေရာလည်း ဖြစ်ခဲ့တယ်။ အခုတော့ အဆောက်အုံသစ်တွေ ဘယ်ကနေ ရောက်လာမှန်းပင် မသိတော့။ လတ်တလော တက္ကသိုလ်သစ်ပင်ခုတ်ပွဲတော်ကြီးအကြောင်း ပြန်ဆက်ရရင် အကြောင်းပြချက် ခိုင်ခိုင်မာမာ မရှိ။ တာဝန်ခံမှု တာဝန်ယူမှုလည်း မတွေ့ရ။ တက္ကသိုလ်ပတ်လမ်းကို အကြောင်းပြပြီး သစ်ပင်တွေ ခုတ်လှဲနေတာသာ မြင်တွေ့ရတယ်။ ပတ်လမ်းဟာ တကယ့်ကို အရေးတကြီး အလျင်စလို ဖောက်လုပ်ဖို့ လိုအပ်နေတဲ့ လမ်းလား၊ ဒီလမ်း ဘာကြောင့် ဖောက်လုပ်တာလဲ။ ဖောက်လုပ်ရင် ဘယ်သူတွေ အကျိုးရှိမှာလဲ။ ကျောင်းထဲက သဘာဝသစ်ပင်တွေ ဘယ်လောက်အထိ ပျက်စီးဆုံးရှုံးမှာလဲ လမ်းမဖောက်ခင် လက်ရှိ ရှိထားပြီးသားလမ်းတွေကကနေ ဝင်ထွက်သွားလာနိုင်အောင် တံခါးပေါက် ၁၅ ပေါက်လုံး ဖွင့်ပြီးသွားပြီလား စတာတွေကို ကျောင်းအာဏာပိုင်တွေက  ကျောင်းသား ပြည်သူတွေသိအောင် ပွင့်လင်းမြင်သာစွာအရင်ဆောင်ရွက်ရမှာပါ။  အရင်ကတော့ မာလာမှတ်တိုင်ဆင်းသူ အတွက် ဂျပ်ဆင်ရှေ့မှာဝင်ပေါက် နှစ်ပေါက်။ စီးပွားရေးတက္ကသိုလ်ရှေ့မှာ တပေါက်။ ရာမဆောင်ရှေ့မှာတပေါက်နဲ့ ဒဂုံဆောင်သွားရာတံခါးတပေါ က်တို့ရှိတယ်။ ပြည်လမ်းမပေါ်မှာတင် တက္ကသိုလ်ဝင်ပေါက်(၆)ပေါက်ရှိတယ်။ တက္ကသိုလ်ရိပ်သာလမ်းမှာ အဓိပတိလမ်း အပါအဝင် (၄) ပေါက်ရှိတယ်။ အင်းလျားလမ်းမှာ (၅)ပေါက်ရှိတယ်။ အဲဒီတံခါးတွေက ၈၈ နောက်ပိုင်းတလျှောက်လုံး ပိတ်ထားခဲ့တာ။ အခုပြောတဲ့ ဝင်/ထွက်ပေါက်တွေက ဆေး(၁)နဲ့ ပြည်၊ ပုဂံ၊ တကောင်းဘက် မပါသေးဘူး။ စစ်အစိုးရလက်ထက်က လုပ်ခဲ့တဲ့ အမွေဆိုးတွေကို ဒီနေ့အထိ ဆက်ခံနေကြဦးမှာလား။ ကျောင်းထဲကို ကားမဝင်ရတော့ ဘာဖြစ်လဲ။ ရှိပြီးသား ဝင် /ထွက်ပေါက်တွေ ပိတ်ထားတာနဲ့ ကာရံထားတဲ့ ကျောင်းတွင်းသံစည်းရိုးတွေ ဖယ်ရှားဖို့ ဘာလို့ မကြိုးစားခဲ့ကြသလဲ။ ပတ်လမ်းအတွက် ကုန်ကျစရိတ်ကို တက္ကသိုလ်မှာ လိုအပ်နေတဲ့ လက်တွေ့ခန်းသုံး ပစ္စည်းတွေ ဖြည့်စွက်လိုက်ရင် ပိုအကျိုးမရှိပေဘူးလား။ စတဲ့ မေးခွန်းများစွ ာပေါ်ထွက်လာတယ်။ ဘတ်ဂျက် အလွန်နည်းတဲ့ ပညာရေးကဏ္ဍအတွက်ကို ပတ်လမ်းဖောက် အကုန်ခံမယ့်အစား သင်ထောက်ကူပစ္စည်း ဖြည့်တင်းပေးရင် ပိုအကျိုးရှိမှာပါ။ ရန်ကုန်တက္ကသိုလ်ထဲမှာ သစ်ပင်တွေ ခုတ်လှဲနေတာကို ကျောင်သားတွေက ဆန္ဒပြခဲ့ကြပြီးနောက် ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူတွေနဲ့ ကျောင်းတွေ တရားဝင်ဆွေးနွေးပြီး ပတ်လမ်းစီမံကိန်းကို ယာယီ ရပ်ဆိုင်းထားလိုက်ပြီ ဖြစ်ပါတယ်။ ဒါကြောင့် သစ်ပင်ခုတ်လှဲတာ၊ ပတ်လမ်းဖောက်တာတွေ လုပ်မယ့်  စီမံကိန်းကို လုံးဝ ရပ်ဆိုင်းပြီး တက္ကသိုလ်ပညာရေး တိုးတက်မှုအတွက်သာ ကြံဆစဉ်းစားသင့်တဲ့အကြောင်း အလေးအနက် တိုက်တွန်းလိုက်ရပါတယ်။ ထွန်းဇော်ဌေး   
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024