ကျောက်မဲတွင် ကျေးရွာအုပ်ချုပ်ရေးမှူး ၁ ဦးနှင့် သူကြီး ၂ ဦး ပစ်သတ်ခံရ
နန်းမြနဒီ
·
November 4, 2019
ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့ရှိ စားသောက်ဆိုင်တဆိုင်မှာ မနေ့ညနေပိုင်းက မိုင်းတင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ၁ ဦးနဲ့ ရွာသူကြီး ၂ ဦးတို့ သေနတ်နဲ့အပစ်ခံရလို့ သေဆုံးသွားပါတယ်။
ကျောက်မဲမြို့နယ် မိုင်းတင်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး စိုင်းထွန်းရင်၊ မိုင်းတင်းအုပ်စု နားမွန်း ရွာသူကြီး ဦးစိုင်းသိန်းနဲ့ မိုင်းတင်းအုပ်စု လွယ်အွယ်ရွာသူကြီးဟောင်း ဦးဆုဇေယျတို့ ၃ ဦးဟာ မနေ့ မွန်းလွဲ ၂ နာရီခွဲလောက်က ရပ်ကွက် ၈ မှာရှိတဲ့ နမ့်ခုံးစားသောက်ဆိုင်မှာ ထမင်း စားနေစဉ် ဆိုင်ကယ်စီး လူ ၂ ယောက်ရောက်လာပြီး ပစ်ခတ်သွားတာလို့ ကျောက်မဲမြို့နယ် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ် စိုင်းထွန်းဉာဏ်က ဒီဗွီဘီကို ပြောပါတယ်။
“ ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ သူကြီး နှစ်ယောက်က ထမင်းစားနေတုန်း လူ နှစ်ယောက် ဆိုင်ကယ်နဲ့ ရောက်လာတယ်။ သူတို့က ဆိုင်အနောက်ဘက်က အခန်းမှာ အရက်သောက်မယ်ပြောတယ်။ ဆိုင်ရှင်က လူအိုတွေရှိနေတယ်လို့ဆိုတော့ သူတို့လည်း ရှေ့မှာပဲ ထိုင်ပြီး ဟင်းတွေလုပ်ပေးနေတုန်း ရှိသေးတယ်။ သူကြီးတွေကို ပစ်ပြီးထွက်ပြေးသွားတာတဲ့၊ ဆိုင်နားမှာတွေ့တဲ့ လူတွေ ပြောပြတာ၊ ဆိုင်ရှင်ကတော့ ရဲကခေါ်စစ်တာနဲ့ ထိတ်လန့် ပူပင်နေတုန်းမို့ အသေးစိတ်ကို တိုက်ရိုက် မမေးကြည့်ရသေးဘူး”
အပစ်ခံရတဲ့ မိုင်းတင်းအုပ်ချုပ်ရေးမှူးနဲ့ နားမွန်းသူကြီးကတော့ ပွဲချင်းပြီးသေဆုံးပြီး ဦးဆုဇေယျကတော့ ဆေးရုံရောက်မှ သေဆုံးသွားတာ ဖြစ်ပါတယ်။
အပစ်ခံရသူ ၃ ဦးဟာ ပါတီကလူတွေ ကျေးရွာထဲကွင်းဆင်းရင် လိုက်လံပို့ဆောင်ကာ လိုအပ်တာစီစဉ်ပေးတဲ့အပြင် ရပ်ရွာအကျိုးအမှန် ဆောင်ရွက်သူတွေဖြစ်ပြီး အပစ်ခံရတာနဲ့ ပတ်သက်လို့ သူတို့မှာ ဘယ်လို ကိုယ်ရေးကိုယ်တာပြဿနာတွေရှိတယ်ဆိုတာမသိရသေးဘူးလို့ စိုင်းထွန်းဉာဏ်က ပြောပါတယ်။
ဒေသထဲမှာလက်နက်ကိုင်အဖွဲ့အစည်း သုံးလေးဖွဲ့လောက်ရှိနေပြီး ဘယ်အဖွဲ့ပဲလာလာ အဆင်ပြေအောင် ဆက်ဆံရကြောင်း ကျေးလက်တောရွာတွေမှာ ဘယ်သူမှ အုပ်ချုပ်ရေးမှူး မလုပ်လိုကြဘဲ သေနတ်ပစ်ခံရသူ ၃ ဦးမှာလည်း ရွာသားတွေရဲ့ ဝိုင်းဝန်းတင်မြှောက်မှုကြောင့်သာ အုပ်ချုပ်ရေးမှူး ဖြစ်လာရတာလို့ စိုင်းထွန်းဉာဏ်က ပြောပါတယ်။
သေဆုံးဒဏ်ရာရသူတွေကို နမ့်ခုံးရှမ်းများပရဟိတအသင်းက ကျောက်မဲဆေးရုံကို ပို့ဆောင်ပေးထားပါတယ်။ ရဲစခန်းကလည်း လူသတ်မှုနဲ့အမှုဖွင့်ကာ ဆက်လက်စုံစမ်းစစ်ဆေးနေပြီး သေဆုံးသူတွေကိုတော့ ဒီကနေ့ မွန်းလွဲပိုင်းမှာ ကျောက်မဲမှာပဲ သင်္ဂြိုဟ်မှာဖြစ်ပါတယ်။