Home
မြန်မာသတင်း
ချင်းလွှတ်တော်အမတ်ကို အေအေက ဆက်လက်ဖမ်းဆီးထားပြီး  ၉ ဦးကို ပြန်လွှတ်၊ အိန္ဒိယနိုင်ငံသား ၁ ဦး သေဆုံး
DVB
·
November 4, 2019
 ပလက်ဝမှ ကျောက်တော်သို့ အသွားလမ်းခရီးမှာ ပျောက်ဆုံးနေသူ ၁၀ ဦးထဲက ၉ ဦးကို အေအေက ဖမ်းဆီးပြန်လွှတ်ပေးလိုက်ပြီး အမျိုးသားလွှတ်တော်အမတ်  ဦးဝှေ့တင်းကိုတော့  ဆက်လက်ဖမ်းဆီးထားတဲ့အကြောင်းနဲ့ အိန္ဒိယနိုင်ငံသား ၁ ဦး သေဆုံးသွားတယ်လို့ ချင်းပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာရေး၊ လျှစ်စစ်၊ လက်မှုဝန်ကြီး ဦးစောထွဋ်က ဒီဗွီဘီကို ပြောပါတယ်။ ချင်းပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် (၁၁) လွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းနဲ့ အိန္ဒိယနိုင်ငံသား ၅ ဦး အပါအဝင် စုစုပေါင်း ၁၀ ဦးဟာ နိုဝင်ဘာ ၃ ရက်နေ့က  အမြန်ရေယာဉ် စပိဘုတ်နှစ်စီးနဲ့ ပလက်ဝမှ ကျောက်တော်သို့ အသွားလမ်းခရီးမှာ အဆက်အသွယ် ပြတ်တောက်သွားတာပါ။  ကုလားတန်မြစ်ရဲ့ အရှေ့ဘက်ခြမ်းကျောက်တန်းနဲ့ ပြိုင်းတန်းကျေးရွာ အနားမှာ စက်လှေ နှစ်စီး ရပ်နားထားတာ တွေ့ရှိခဲ့ပြီး လူတွေက ပျောက်ဆုံးနေလို့ ရဲ၊ စစ်တပ်နဲ့ အုပ်ချုပ်ရေးတာ ဝန်ရှိသူတွေက အပူတပြင်း စုံစမ်းရှာဖွေနေကြတာလည်း ဖြစ်ပါတယ်။ နိုဝင်ဘာ ၄ ရက်နေ့မှာတော့  ၁၀ ဦးထဲက ၉ ဦး အေအေအဖွဲ့က ပြန်လွှတ်လိုက်ပြီး အန်အယ်လ်ဒီ အမျိုးသားလွှတ်တော်အမတ်ကိုတော့ ဆက်လက်ထိန်းသိမ်းထားတယ်လို့ စည်ပင်သာယာရေး၊ လျှစ်စစ်၊ လက်မှုဝန်ကြီး ဦးစောထွဋ် ဒီဗွီဘီကို ပြောပါတယ်။ “ဒီကနေ့ မနက်ပိုင်း ၆ နာရီလောက်မှ ပြန်အဆက်အသွယ်ရပါတယ်။ လွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းကိုတော့ အေအေစခန်းမှာ ခေါ်ထားပြီး ကျန် ၉ ယောက် ပြန်လွှတ်ပေးလိုက်တယ်။ လွှတ်ပေးလိုက်တဲ့အထဲက အိန္ဒိယနိုင်ငံသား အသက် ၆၀ ကျော် တယောက် အမောဖောက်ပြီးတော့ ဆုံးသွားတယ်။ ဆုံးသွားပြီးတော့ အဲဒီအလောင်းပါ ပါလာတယ်။” သေဆုံးသွားတဲ့ အိန္ဒိယနိုင်ငံသားနဲ့ ပြန်လည်လွှတ်ပေးလိုက်တဲ့ အိန္ဒိယ နိုင်ငံသားတွေကို ကျောက်တော်ကနေတဆင့် စစ်တွေ၊ စစ်တွေကနေတဆင့် ရန်ကုန်ကို လေယာဉ်ပြန်ကြဖို့အတွက် တာဝန်ရှိသူတွေက ဝိုင်းဝန်းဆောင်ရွက်ပေးနေတယ်လို့ ချင်းပြည်နယ် အစိုးရက ပြောဆိုပါတယ်။ အန်အယ်လ်ဒီ ချင်းပြည်နယ် အမျိုးသားလွှတ်တော်အမတ်နဲ့ ကုလားတန်စီမံကိန်းမှ အိန္ဒိယ နိုင်ငံသား ၅ ဦး၊ စကားပြန် ၂ ဦး၊ စက်လှေမောင်းသူ ၂ ဦး စုစုပေါင်း ၁၀ ဦးကို နိုဝင်ဘာ ၃ ရက်က အေအေအဖွဲ့ ဖမ်းဆီးခေါ်သွားတာဖြစ်တယ်လို့ ချင်းပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေး၊ လျှစ်စစ်၊ လက်မှု၊ လက်မှုဝန်ကြီး ဦးစောထွဋ်က ပြောပါတယ်။ “ဒီဘက်မှာက အေအေ တပ်တို့ နှစ်ခုပဲ လှုပ်ရှားတယ်လေ။ အဲဒီနှစ်ခုမှာ တခုခုပေါ့။ တပ်က ဒီလိုမျိုးခေါ်မှာ မဟုတ်တဲ့အတွက် ဒါက အေအေ ခေါ်တာပဲလို့ ကျနော်တို့ confirm လုပ်ကြည့်တာပေါ့နော်” လို့ ပြောပါတယ်။ စက်လှေမောင်းသူ နှစ်ယောက်ကတော့ ကျောက်တော်ကတဆင့် ပလက်ဝဘက်ကို ပြန်သွားကြပြီး ပြန်လွတ်လာသူတွေ ထိခိုက်ဒဏ်ရာရတာမရှိဘူးလို့ သိရပါတယ်။ အခုကိစ္စနဲ့ပတ်သက်လို့ ရက္ခိုင့်တပ်တော်  အေအေ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကို ဆက်သွယ်မေးမြန်းလို့ မရသေးပါဘူး။ ဝဏ္ဏခွာညို
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024