Home
မြန်မာသတင်း
တပ်မတော်က တရားစွဲဆိုထားသည့် လူ ၇၇ ဦးအမှု ရုပ်သိမ်းပေးရန် တောင်းဆို
DVB
·
November 3, 2019
တပ်မတော်က တရားစွဲဆိုထားတဲ့ လူပေါင်း ၇၇ ဦးရဲ့အမှုတွေကို ရုပ်သိမ်းပေးဖို့နဲ့ ဖမ်းဆီးထိန်းသိမ်း ပြစ်ဒဏ်ချခံထားရသူတွေကို အမြန်ဆုံးလွှတ်ပေးဖို့ မျိုးဆက်လှိုင်း (Generation Wave) အဖွဲ့က တောင်းဆိုလိုက်ပါတယ်။  နိုဝင်ဘာလ ၃ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်တောင်းဆိုလိုက်တာပါ။ အခုလိုတရားစွဲဆိုတာဟာ  ပြည်သူရဲ့ ဒီမိုကရေစီ အခွင့်အရေးတရပ်ဖြစ်တဲ့  လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ကန့်သတ်ချိုးဖောက်ရာရောက်ပြီး ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းများအပေါ် အဟန့်အတား ဖြစ်စေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။  မြန်မာနိုင်ငံဟာ ဒီမိုကရေစီစနစ်ကို ဦးတည်လျှောက်လှမ်းနေတဲ့ ကာလဖြစ်ပြီး ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးကိုလည်း ဆောင်ရွက်နေချိန်ဖြစ်သလို လွတ်လပ်စွာထုတ်ဖော်ခွင့်ဟာ အရေးကြီးဆုံး အခွင့်အရေးတရပ်ဖြစ်ကြောင်း ပြောပါတယ်။  ၂၀၁၉ ခုနှစ် ဧပြီလကတည်းက တပ်မတော်ရဲ့ တရားစွဲဆိုမှုကြောင့် ဖမ်းဆီးချုပ်နှောင်ခံခဲ့ရပြီး တရားရင်ဆိုင်နေရတဲ့ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင် ၅ ဦးကို အောက်တိုဘာလ ၃၁ ရက်မှာ မရမ်းကုန်းမြို့နယ် တရားရုံးမှ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) ဖြင့် အလုပ်နှင့်ထောင်ဒဏ် ၁ နှစ် ချမှတ်ခဲ့ပါတယ်။ ဒါ့အပြင် တရားလွှတ်တော်ရှေ့နေကြီး ဦးကြီးမြင့်၊ ကဗျာဆရာ ဦးစောဝေနဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဦးနေမျိုးဇင်တို့ကိုလည်း မေလအတွင်း ကော့သောင်းမြို့နယ် ဟောပြောပွဲတခုအတွင်း ဟောပြောချက်များကြောင့် တပ်မတော်က နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ) နဲ့ တရားစွဲဆိုထားပါတယ်။ ဦးနေမျိုးဇင်ဟာ အလားတူအမှုတွေနဲ့  လက်ရှိအချိန်မှာ ထောင်ဒဏ်ကျခံနေရပါတယ်။ အလားတူ မြဝတီမင်းကြီးဆရာတော်အရှင် အရိယာဝံသဘိဝံသအား မီဒီယာအင်တာဗျူးတခုမှာ တပ်မတော်ဂုဏ်သိက္ခာကို ညှိုးနွမ်းစေရန် ပြောဆိုသည်ဟုဆိုကာ မန္တလေးတိုင်း ပြည်ကြီးတံခွန်မြို့နယ် တရားရုံးတွင် နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅၊ အသရေဖျက်မှု ပုဒ်မ ၅၀၀ တို့ဖြင့် တရားစွဲဆိုဖို့ တပ်မတော်က ဦးတိုက်လျှောက်ထားခဲ့ပြီး အောက်တိုဘာလ ၂၄ ရက်မှာ တရားရုံးက ပုဒ်မ ၅၀၀ နဲ့ တရားစွဲဆိုဖို့ လက်ခံခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။  ဒါ့အပြင် ဒါရိုက်တာ မင်းထင်ကိုကိုကြီးဟာလည်း လူမှုကွန်ရက်မှာ တပ်မတော်အပေါ် ကန့်ကွက်ဝေဖန်ရေးသားမှုများအတွက် ပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲဆိုဖမ်းဆီးခံခဲ့ရပြီး အလုပ်နှင့်ထောင်ဒဏ် ၁ နှစ် ပြစ်ဒဏ်ချမှတ်ခံထားရပါတယ်။ ဒါ့ကြောင့် ဒီတရားစွဲဆိုမှုတွေနဲ့ ပြစ်ဒဏ်ချမှတ်တာတွေကို Generation Wave အဖွဲ့ ကန့်ကွက်ရှုတ်ချကြောင်းနဲ့ တရားစွဲဆိုထားမှုအားလုံးကို တပ်မတော်က အမြန်ဆုံး ရုပ်သိမ်းပေးဖို့၊  အစိုးရအနေနဲ့လည်း ပြစ်ဒဏ်ချမှတ်ခံထားရသူတွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ တောင်းဆိုထားပါတယ်။  လက်ရှိ အချိန်အထိ တပ်မတော်က လူပေါင်း ၇၇ ဦးထက်မနည်းကို အမှုပေါင်း ၂၄ မှုထက် မနည်း တရားစွဲဆိုထားခဲ့ပြီး အချို့မှာ ပြစ်ဒဏ်ချမှတ်ပြီးဖြစ်ကြောင်း အသံအဖွဲ့ရဲ့ ထုတ်ဖော်ပြောကြားချက်များအရ သိရပါတယ်။   

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024