ဧပြီ ၁ ရက်ကစပြီး လယ်သမားတွေ လယ်ပေါင်ခွင့်ရတော့မည်
ရွှေအောင်
·
January 18, 2013
လာမယ့် ဧပြီ ၁ ရက်နေ့ကစပြီး လယ်သမားတွေ လယ်ပေါင်ခွင့်ရတော့မယ် လို့ တောင်သူလယ်သမားအသင်း ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ပြောပါတယ်။
ဇန်န၀ါရီ ၇ ရက်က ကျင်းပခဲ့တဲ့ အရန်ဆန်တင်ပို့ရေး အစည်းအဝေးမှာ လယ်ယာနဲ့ စိုက်ပျိုးရေးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်က ကတိပြုပြောကြားခဲ့ပုံကို ဒေါက်တာစိုးထွန်း က “အခုက ကိုယ့်လယ်ကိုယ် မှတ်ပုံတင်ခွင့်ရမယ်ဆိုတော့ အခုလက်ရှိ ရန်ကုန်မြို့ကြီးတွေမှာရှိတဲ့ အနှစ် ၃၀ နဲ့ အနှစ် ၆၀ ဂရန်လို ပိုင်ဆိုင်မှုအထောက်အထား ရလာမယ်။ အခုက မှတ်ပုံတင်လို့ရမယ်။ ဒါက မတ်လ ၃၁ ရက်နေ့အပြီး မှတ်ပုံတင်နိုင်အောင် လုပ်ပေးမယ်ယ်ဆိုပြီး လယ်/ဆည်ဝန်ကြီးက ပြောတယ်။ ဧပြီ ၁ ရက်နေ့မှာ နိုင်ငံတော်အစိုးရ အသိအမှတ်ပြုတဲ့ ဘဏ်တွေမှာ ပေါင်လို့ရမယ်။”
အကြမ်းဖျင်းအားဖြင့် ဘဏ်တွေက လယ် ၁ ဧက ပေါက်ဈေးရဲ့ ၃၀ ရာခိုင်နှုန်း ထုတ်ချေးဖို့ ပြောထားတယ်။ လယ်ပေါ်မူတည်ပြီး ၁ ဧက ကျပ် ၁၀ သိန်းလောက်တန်တဲ့ လယ်က ၃ သိန်း ချေးလို့ရမှာဖြစ်ပြီး၊ ၁ ဧက သိန်း၂၀ လောက်တန်တဲ့လယ်က ၁ ဧက ၆ သိန်း လောက်ချေးလို့ ရမှာဖြစ်တယ်။ ဘဏ်တွေမှာရှိတဲ့ ရာဖြတ်တွေက ကွင်းဆင်းကြည့်ရှုပြီး ချေးငွေသတ်မှတ်ပေးမှာ ဖြစ်တယ်လို့လည်း ပြောပါတယ်။
အစိုးရနဲ့ ပုဂ္ဂလိကဘဏ်တွေက လယ်ပေါင်ခံထုတ်ချေးပေးရင် အတိုးနှုန်းသက်သာလို့ လယ်သမားတွေ အကျိုးရှိနိုင်ပုံကိုလည်း သူက ခုလို ပြောပါတယ်။
“စိုက်ပျိုးစရိတ်ချေးငွေ မလုံလောက်တော့ အပြင်ကနေ အတိုးများများနဲ့ သူတို့က ချေးရတယ်။ အပြင်မှာက ၅ ကျပ်တိုး။ တချို့နေရာဆို ၈ ကျပ်၊ ၁၀ တောင်ဖြစ်နေတယ်။ အတိုးတောင် ပေးလို့မလွယ်ဘူးဖြစ်တော့ တနေ့တနေ့ရတာက ကုန်ကျစရိတ်ရမယ်၊ စပါးဈေး နည်းနည်းရမယ်။ ဒါပေမယ့် နောက်ဆုံး အကြွေးပြန်ဆပ်တာနဲ့ အတိုးတောင် မပေးနိုင်တဲ့ အနေအထားမျိုး။ အစိုးရဘဏ်တွေဆိုရင် ၁ ကျပ်အတိုးလောက်ပဲ ရှိမယ်။ ဒါဆိုရင်တော့ သူတို့အနေနဲ့ သက်သာနိုင်တယ်။ လောလောဆယ် အရင်းနှီး အထိုက်အလျောက် အဆင်ပြေနိုင်တယ်ဆိုပြီး သူတို့အနေနဲ့ ဒါကို လိုချင်တယ်။ လက်ရှိ အစိုးရက စိုက်စရိတ်တိုးပေးလိုက်တာ မှန်တယ်။ ဒါပေမယ့် ၁ ဧက ကျပ် ၁ သိန်းတိုးပေးတယ်ဆိုသော်လည်း စိုက်ဧက ၁၀ ဧက ပဲရတယ်။ ၁၀ ဧက ကျော်ရင် ချေးလို့မရတာတပိုင်း။
“နောက် အောက်ခြေမှာ ဖြစ်နေတဲ့ ပြဿနာလေးတွေက လယ်ပိုင်သော်လည်းပဲ စာရင်းမပေါက်ဘူး။ စိုက်ပျိုးရေးဘက်မှာ စာရင်းမပေါက်တာရှိတယ်။ တချို့ကျတော့လည်း လယ်ပိုင်တော့လည်း စာရင်းမပေါက်ဘူး။ စာရင်းပေါက်တဲ့လူက လယ်မပိုင်ဘူး။ ဒါပေမယ့် သူက ဘဏ်ကနေ ငွေချေးလို့ရတယ်။ ဒါတွေက ရှိနေတော့ ကိုယ့်လယ်ကိုယ် ပေါင်လို့ရရင် ပိုပြီး အဆင်ပြေနိုင်တယ်ဆိုပြီး တောင်းဆိုကြတာပါ။”
မြန်မာတပြည်လုံးမှာ စပါးစိုက်ဧက ၁၃ သန်းရှိပြီး စပါးစိုက် လယ်သမားပေါင်း ၄ သန်းခွဲလောက် ရှိပါတယ်။