Homeမြန်မာသတင်း
မြန်မာ့စီးပွားရေး ၆ မှ ၇ ရာခိုင်နှုန်း နှစ်စဉ်ထိန်းနိုင်၊ အာရှတွင် အမြန်ဆုံးတိုးတက်နှုန်းဟု အတိုင်ပင်ခံပြော
မြန်မာ့စီးပွားရေး ၆ မှ ၇ ရာခိုင်နှုန်း နှစ်စဉ်ထိန်းနိုင်၊ အာရှတွင် အမြန်ဆုံးတိုးတက်နှုန်းဟု အတိုင်ပင်ခံပြော
DVB
·
November 3, 2019
မြန်မာ့စီးပွားရေး တိုးတက်နှုန်းဟာ ၆ ရာခိုင်နှုန်းကနေ ၈ ရာခိုင်နှုန်းအထိ ထိန်းသိမ်းထားနိုင်တဲ့အတွက် အာရှဒေသမှာ အမြန်ဆုံးတိုးတက်မှုနှုန်းဖြစ်တယ်လို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ နိုဝင်ဘာ ၂ ရက်က စတင်ကျင်းပနေတဲ့ အာဆီယံစီးပွားရေးနှင့်ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေးမှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားခဲ့တာပါ။
“မြန်မာနိုင်ငံဟာ စိန်ခေါ်မှုများစွာကို ရင်ဆိုင်နေရပေမယ့် သတိရှိစွာနဲ့ အကောင်းမြင်ဝါဒကို ဆုပ်ကိုင်နိုင်ဆဲ ဖြစ်ပါတယ်။ ၂၁ ရာစုရဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ အားလုံးပါဝင်တဲ့ စီးပွားရေး တိုးတက်မှုတွေကို အားပေးကာ တည်ငြိမ်မှုနဲ့ ဖွံ့ဖြိုးရေးဘက်ညီအောင် ဆောင်ရွက်လျက် ရှိပါတယ်၊ ဒါကြောင့် စီးပွားတိုးတက်နှုန်း ၆ မှ ၇ ရာခိုင်နှုန်းအတွင်း နှစ်စဉ် ထိန်းသိမ်းထားနိုင်လျက်ရှိပါတယ်။ ဒီနှုန်းဟာ အာရှဒေသမှာ အမြန်ဆုံး တိုးတက်မှုနှုန်းလည်း ဖြစ်ပြီး စီးပွားရေးတည်ငြိမ်မှုကို မထိခိုက်စေတဲ့ အနေအထားနဲ့ ဆက်လက်ထိန်းသိမ်းထားပါတယ်။”
မြန်မာနိုင်ငံဟာ ရှုပ်ထွေးတဲ့ ပြောင်းလဲမှုတွေ တပြိုက်နက်တည်း ကြုံတွေ့နေရပြီး ဒီကူးပြောင်းမှုတွေဟာ စတုတ္ထမြောက် စက်မှုအသွင်ကူးပြောင်းမှုတွေနဲ့အလားတူ နိုင်ငံရဲ့နိုင်ငံရေး၊ လူမှု-စီးပွားရေးကဏ္ဍများအပေါ် သက်ရောက်နေကြောင်း၊ မြန်မာအစိုးရဟာ ၂၁ ရာစုရဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ စဉ်ဆက်မပြတ် အားလုံးပါဝင်တဲ့ စီးပွားရေး တိုးတက်မှုတွေကို အားပေးကာ တည်ငြိမ်မှုနဲ့ ဖွံ့ဖြိုးရေးဘက်ညီအောင် ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် လက်ရှိ ကောင်းမွန်တဲ့ စီးပွားရေးအခြေအနေကို အသုံးပြုပြီး နိုင်ငံမှာရှိတဲ့ ဖန်တီးမှုဆိုင်ရာ လုပ်ငန်းတွေ မြှင့်တင်တာ၊ တီထွင်ကြံဆတာနဲ့သုတေသနလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံဖို့ တွန်းအားပေးခြင်းနဲ့ ဒစ်ဂျစ်တယ် စီးပွားရေးလုပ်ငန်းတွေကိုလည်း အားပေးခြင်းကတဆင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေး ဆောင်ရွက်သွားဖို့ သန္နိဋန်ချထား တယ်လို့ သူက ဆက်ပြောပါတယ်။
မြန်မာနိုင်ငံအနေနဲ့ ရင်းနှီးမြှုပ်နှံမှုပတ်ဝန်းကျင်ကောင်း ဖော်ဆောင်နိုင်ရေးပြုပြင်ပြောင်းလဲမှုတွေ ဆောင်ရွက်နိုင်ခဲ့တာကြောင့် ၂၀၁၇ ခုနှစ်မှာ Doing Business Star Reformer Award ရရှိခဲ့ပြီး အခုနှစ်မှာလည်း စီးပွားရေးလုပ်ငန်းတွေ လွယ်ကူစွာ လည်ပတ်နိုင်ဖို့ ပံ့ပိုးပေးနိုင်ဆုံး နိုင်ငံ ၂၀ မှာ မြန်မာနိုင်ငံ ပါဝင်လာတယ်လို့ အဲဒီအစည်းအဝေးမိန့်ခွန်းမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။
၃၅ ကြိမ်မြောက် အာဆီယံစီးပွားရေးနဲ့ရင်းနှီးမြှုပ်နှံမှု ထိပ်သီးညီလာခံကို မြန်မာနိုင်ငံက နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အာဆီယံ ၁၀ နိုင်ငံက ခေါင်းဆောင်တွေ တက်ရောက်နေကြတာပါ။