လယ်ယာတွေကို တရားဝင်ပေါင်နှံခွင့်ပေးလိုက်တဲ့အတွက် မြေယာဈေးကွက်တခု ဖြစ်လာမယ်လို့ သမ္မတရဲ့ လူမှုစီးပွားအကြံပေးအဖွဲ့ခေါင်းဆောင် ဦးတင်ထွဋ်ဦးက ပြောပါတယ်။
လာမယ့် ဧပြီလ ၁ ရက်ကစပြီး လယ်သမားတွေ လယ်ပေါင်ခွင့်ပြုမယ်ဆိုတဲ့ သတင်းနဲ့ ပတ်သက်ပြီး ဦးတင်ထွဋ်ဦးကို ဆက်သွယ်မေးမြန်းရာမှာ ခုလို ပြောတာပါ။
ဧပြီ ၁ ရက်နေ့က စပြီးတော့ လယ်သမားတွေကို လယ်ပေါင်ခွင့်ပေးဖို့ အစိုးရဘဏ်တွေရော၊ ပုဂ္ဂလိကဘဏ်တွေရော ခွင့်ပြုဖို့ဆိုပြီး လယ်/ဆည်ဝန်ကြီးက သတိပေးသွားတယ်ဆိုတာလေ။ လယ်ပေါင်ခွင့်ပေးလိုက်မယ်ဆိုရင် တောင်သူလယ်သမားတွေအတွက် သူတို့အနေနဲ့ ဆောင်ရန် ရှောင်ရန်တွေကို အန်ကယ်မြင်တာလေး သုံးသပ်ပြောပြပေးပါ။
[caption id="attachment_35482" align="alignleft" width="300" caption="၀ဲမှယာ- ဒုတိယ ဦးတင်ထွဋ်ဦး"]

[/caption]
“လယ်ပေါင်ခွင့်ဆိုတာက နောက်ထပ် ထုတ်လိုက်တဲ့ လယ်ယာမြေဥပဒေအရသာ ခွင့်ပြုလိုက်တာပေါ့လေ။ အဲဒါလည်း အဓိက ဟိုတုန်းကတည်းက တစိုက်မတ်မတ် တောင်းဆိုထားတာက လယ်သမားတွေမှာ အရင်းနှီးဆိုလို့ အိမ်ကောင်းကောင်းလည်း မရှိဘူး။ ဒီမြေလည်းပဲရှိတာပေါ့၊ ဒါကို ဘဏ်တွေမှာပေါင်နှံပြီး မြေယာကိုပိုကောင်းမွန်အောင် ပြုပြင်မယ်။ လိုတဲ့ အရင်းအနှီးလေးတွေ စိုက်ထုတ်မယ်ဆိုရင် သူ့ရဲ့ ထုတ်လုပ်စွမ်းအားတက်လာတာပေါ့။ နောက် ဒီလို တရားဝင်ပေါင်နှံခွင့်ပေးလိုက်တော့ မြေယာဈေးကွက်ဆိုတာ ဈေးကွက်တခုရယ်လို့ ပွင့်လင်းမြင်သာစွာ ဖြစ်လာတာပေါ့။ ဟိုးတုန်းကလို လက်သိပ်ထိုးလွှဲပေးတာတို့၊ တယောက်နဲ့ တယောက် တိတ်တိတ်ရောင်းဝယ်တာတို့ မလုပ်တော့ဘဲ ပေါ်ပေါ်ထင်ထင် ဈေးကွက် တခုမှာ ရောင်းလာတာပေါ့။ ဆောင်ရန်အနေနဲ့ လယ်သမားတွေက ဒါလေးကို အခွင့်အရေးယူပြီးတော့ ကိုယ့်ရဲ့မြေဆီဩဇာတွေ ပိုကောင်းအောင်၊ ရေသွင်းရေထုတ်စနစ်တွေ ပိုကောင်းအောင်လုပ်မယ်၊ လယ်တန်ဖိုး ပိုတက်လာအောင်လုပ်ဖို့ ကောင်းတာပေါ့။ နောက် လတ်တလော စိုက်ပျိုးထုတ်လုပ်နေတဲ့ သီးနှံတွေ ထွက်ရှိဖို့ အရင်းနှီးလေးတွေ ရရှိနိုင်တယ်။ ဒါကတော့ ချက်ချင်းလက်ငင်း ရရှိမယ့်အကျိုးကျေးဇူးပါ။”
“ရှောင်ရန်ကတော့ ရှင်းပါတယ်။ လယ်ကိုပေါင်ပြီး တခြား မလိုအပ်တဲ့ ဆိုင်ကယ်ဝယ်စီးတာ၊ တီဗွီဝယ်လိုက်တာတို့။ မလိုအပ်တာတွေမှာ မသုံးပစ်လိုက်ဖို့ အဓိကပေါ့။”
မြန်မာပြည်မှာ စိုက်ပျိုးဧက ၁၃ သန်းလောက်ရှိတယ်။ လယ်သမားက ၄ သန်းခွဲလောက်ရှိတယ်ဆိုတော့ ဆရာ ဘယ်လိုမြင်ပါလဲ။ အစိုးရဘဏ်တွေ၊ ပုဂ္ဂလိကဘဏ်တွေအနေနဲ့ ပမာဏများများ ချေးနိုင်ပါ့မလား။
“ချေးနိုင်ပါတယ်။ ဒါပေမယ့် ပုဂ္ဂလိကဘဏ်တွေအနေနဲ့က ဥပမာ ခရက်ဒစ်တွေပေးတယ်ဆိုရင် ဘာမှ အာမခံချက်မရှိဘူးလေ။ အခုက ချေးတဲ့သူဘက်က အာမခံချက်ရှိသွားတာပေါ့။ ဒါကောင်းပါတယ်။”
စိုက်ပျိုးရေးသက်တမ်းတလျှောက်နဲ့ တိုင်းပြည်သက်တမ်းတလျှောက် ဒါပထမဆုံးအကြိမ် လို့ ပြောလို့ရမလား။
“မှန်ပါတယ်။ လွတ်လပ်ရေးရပြီးတော့ လယ်ယာမြေနိုင်ငံပိုင် လုပ်ပြီးနောက် ကျနော်တို့က တောင်သူလယ်သမားအကျိုးကို ကာကွယ်တဲ့အနေနဲ့ ပြဋ္ဌာန်းခဲ့တာရှိပါတယ်။ ဥပမာ လယ်သမားတယောက်က ဘယ်လောက်ပဲ အကြွေးတင်နေနေ ဒီပြင်နည်းနဲ့တော့ ပြန်တောင်းလို့ရတယ်၊ မြေကို ယူလို့မရဘူးဆိုတဲ့ ကန့်သတ်ချက်နဲ့ လုပ်ထားတယ်။ အဲဒါကလည်း ဟိုးတုန်းက လိုအပ်ချက်အရ ခါးသီးတဲ့ ချစ်တီးတွေလက်ထဲ အကုန်ရောက်သွားတာတွေကို တွေးပူပြီး ဒါလေးတွေလုပ်ပေးတာပေါ့။ ဆိုရှယ်လစ်ခေတ်တလျှောက်လုံးမှာတော့ ထွက်သမျှ သီးနှံ အစိုးရကိုရောင်းရတော့ မြေပြင်ဖို့လည်း မရှိဘူးပေါ့။ အခုက သီးနှံတွေ စိုက်ပျိုးထုတ်လုပ်မှုတွေ၊ ပြည်ပတင်ပို့တာ၊ ဆန်တင်ပို့တာကအစ အားလုံး ဈေးကွက်သဘောအရ လွတ်လွတ်လပ်လပ် ခွင့်ပြုလိုက်ပြီဖြစ်လို့ လယ်သမားတွေအတွက် နည်းနည်း incentive ပိုရလာတဲ့အခါမှာ သူ့အတွက် ဒါအခွင့်အရေးပေးလိုက်တာ ကောင်းပါတယ်။ ဒါ မထူးဆန်းပါဘူး ဗီယက်နမ်မှာလည်း ဒီအတိုင်းပါပဲ။”