လျှပ်စစ်ဓာတ်အားယူနစ်စနစ် မှန်ကန်ရေးနှင့် မီးမပြတ်ရေး ကြိုးပမ်းကြရန် သမ္မတ တိုက်တွန်း
DVB
·
November 3, 2019
လျှပ်စစ်ဓာတ်အားယူနစ်စနစ်တွေ သုံးစွဲတဲ့အတိုင်း မှန်မှန်ကန်ကန်ရရှိစေဖို့နဲ့ လျှပ်စစ်မီးမပြတ်အောင် ကြိုးပမ်းကြဖို့ ဝန်ကြီးဌာနတာဝန်ရှိသူတွေကို သမ္မတ ဦးဝင်းမြင့်က တိုက်တွန်းလိုက်ပါတယ်။
သမ္မတ ဦးဝင်းမြင့်ဟာ နိုဝင်ဘာ ၂ ရက်နေ့က သာကေတလျှပ်စစ်ဓာတ်အားပေးစက်ရုံကို သွားရောက်စစ်ဆေးခဲ့စဉ်မှာ အခုလိုတိုက်တွန်းလိုက်တာပါ။
လျှပ်စစ်ဓာတ်အားပျောက်ဆုံးမှု၊ လျှပ်စစ်ဓာတ်အားယူနစ်တွေကို အမှန်တကယ် သုံးစွဲတဲ့အတိုင်း မှန်မှန်ကန်ကန်ရရှိစေရေး စီမံဆောင်ရွက်သွားကြဖို့၊ ပြည်သူတွေအတွက် လျှပ်စစ်မီးမှန်ရေးနဲ ပြတ်တောက်မှု မရှိစေရေးတို့ကို ဝန်ကြီးဌာန တာဝန်ရှိသူအားလုံး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြဖို့ တိုက်တွန်းခဲ့ပါတယ်။
ဒါ့အပြင် လျှပ်စစ်ဓာတ်အားပိုမိုတိုးတက်ထုတ်လုပ်လာနိုင်တာနဲ့အမျှ အသုံးပြုမှုလည်း ပိုမိုတိုးတက် များပြားလာနေတာကြောင့် ဓာတ်အားပိုမိုတိုးတက်ထုတ်လုပ်နိုင်ရေးကို တာဝန်ရှိသူများ ကြိုတင်ပြင်ဆင် ကြိုးပမ်းဆောင်ရွက်သွားဖို့လည်း ပြောပါတယ်။
ရန်ကုန်မြို့တော် လျှပ်စစ်မီးလုံလောက်စွာ သုံးစွဲနိုင်ရေးအတွက် သာကေတမှာ တပ်ဆင်ထားတဲ့ ၂၅ မဂ္ဂါဝပ် ဓာတ်အားပေးစက်နဲ့ ထိန်းချုပ်ခန်းတို့ကိုလည်း သမ္မတ ဦးဝင်းမြင့်က ကြည့်ရှုစစ်ဆေးခဲ့တယ်လို့ နိုင်ငံပိုင်သတင်းမှာ ဖော်ပြထားပါတယ်။