ဖြူး၌ ဆီဘောက်ဆာယာဉ် မီးလောင်
DVB
·
November 2, 2019
ပဲခူးတိုင်း၊ ဖြူးမြို့နယ် ရန်ကန်-မန္တလေးကားလမ်း မိုင်တိုင်အမှတ်၁၂၃/၆ အနီးမှာ ဒီနေ့မနက်က ဆီဘောက်ဆာယာဉ်တစီး တိမ်းမှောက်မီး လောင်ခဲ့တယ်လို့ ညောင်ပင်သာနယ်မြေရဲ တပ်ဖွဲ့စခန်း တာဝန်ရှိသူ တဦးက ပြောပါတယ်။
ကညွတ်ကွင်းမြို့ကနေ ဖြူးမြို့ကို မောင်းလာတဲ့ ဆီဘောက်ဆာယာဉ်ဟာ ရှေ့ဘီးပေါက်ပြီး တိမ်းမှောက်ရာကနေ မီးလောင်ခဲ့တာပါ။
"ကားက ကညွတ်ကွင်းဘက်ကနေ မောင်းလာတဲ့ကား၊ ဘီးပေါက်ပြီးမှောက်ရာက မီးထလောင်တာ၊ လမ်းလယ်မှာ မှောက်တာဆိုတော့ ယာဉ်ကြောပိတ်ဆို့မှုတော့ဖြစ်တာပေါ့။ လူတွေတော့ ထိခိုက်တာမရှိပါဘူး။ ကားကတော့ တစီးလုံး မီးလောင်သွားတယ်။ မီးကိုလည်း အချိန်မီငြှိမ်းနိုင်တယ်" လို့ ညောင်ပင်သာနယ်မြေရဲတပ်ဖွဲစခန်းမှ တာဝန်ရှိသူက ပြောပါတယ်။
အဆိုပါ ၂၂ ဘီးတပ် ဆီဘောက်ဆာယာဉ်မီးလောင်တာကို ဖြူးမြို့နယ်မီးသတ်တပ်ဖွဲ့က မီးသတ်ယာဉ် ၆ စီး၊ ရေသယ်ယာဉ်တစီးတိုနဲ့ ၁ နာရီနီးပါး မီးငြှိမ်းသတ်ခဲ့ရတယ်လို့ ဆိုပါတယ်။
ယာဉ်မီးလောင်တာကြောင့် ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တို့ ဒဏ်ရာ မရဘူးလို့ သိရပါတယ်။
ဖြစ်စဉ်နဲ့ပတ်သက်လို့ ဆီဘောက်ဆာယာဉ်မောင်း မင်းဇော်ကို ညောင်ပင်သာနယ်မြေရဲတပ်ဖွဲစခန်းက အမှုစစ်ဆေးနေပါတယ်။
ကျော်အောင်(ကညွတ်ကွင်း)