နမ္မတူမြို့ ရပ်ကွက်တိုင်း ရွာတိုင်းမှာ ပြန့်ပွားနေတဲ့ မူးယစ်ဆေး
DVB
·
January 18, 2013
ရှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်ဟာ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကဆိုရင် မူးယစ်ဆေးဝါး လုံးဝမရှိတဲ့ နယ်မြေဆိုပြီး သတ်မှတ်ပြောဆိုလို့ ရခဲ့ပါတယ်။
အခုချိန်မှာတော့ နေရာရပ်ကွက်တိုင်း ရွာတိုင်းဆိုသလို မူးယစ်ဆေးဝါး ပြန့်ပွားတဲ့ နယ်မြေတခု ဖြစ်လာပါတယ်။ မူးယစ်ဆေးဝါးရောင်းဝယ်သူတွေဟာ သက်ဆိုင်ရာ အာဏာပိုင်နဲ့ ရဲတွေကို ပိုက်ဆံပေးပြီး ရောင်းကြတာလို့ မူးယစ်ဆေးဝါးရောင်းဝယ်သူတချို့က ပြောပါတယ်။
မူးယစ်ဆေးဝါးဟာ နမ့်ခမ်းမြို့နယ် မိုင်းဝီးအုပ်စုမှ မိုင်းမော်အုပ်စုတို့ကနေ နမ္မတူမြို့နယ်ကို ၁ နှစ်ထက် ၁ နှစ် လွန်ကဲစွာရောက်လာပြီး နမ္မတူမြို့နယ်ကနေ ၀န်ထမ်းရပ်ကွက်တွေထဲ တိုးဝင်လာပြီး အခု ၂၀၁၃ ခုနှစ်မှာ မြို့ပြင်မှာရှိတဲ့ ကျေးရွာအုပ်စုထဲ တိုးဝင်လာပြီဖြစ်တဲ့အတွက် ကျောင်းသူ၊ ကျောင်းသားတွေနဲ့ ဒေသခံသားငယ်၊ သမီးငယ်တို့ ရှေ့ရေးအတွက် အင်မတန်မှ စိုးရိမ်မကင်း ဖြစ်ရပါတယ်။
သက်ဆိုင်ရာ အာဏာပိုင်တွေက သိလျက်နဲ့ အဘယ်ကြောင့်အရေးမယူဘဲ ဒေသခံပြည်သူတွေရဲ့ ဒုက္ခကို ပြုံးပြီးကြည့်နေသလဲဟု မေးချင်ပါသေးရဲ့။ ပြည်သူတွေ မူးယစ်ဆေးဝါးအားလုံးသုံးစွဲမှ အရေးယူမလား ဒါမှမဟုတ် မူးယစ်ဆေးဝါးရောင်းဝယ်သူတွေ ပိုက်ဆံ လုံးဝမပေးနိုင်တဲ့အချိန်မှ အရေးယူမလားလို့ မေးချင်ပါသေးတယ်။
ဒေသခံတဦး