ကချင်ပြည်နယ် ဗန်းမော်မြို့တွင် ပေါက်ကွဲမှုဖြစ်၊ ၃ ဦး ဒဏ်ရာရ
နန်းမြနဒီ
·
January 18, 2013
ကချင်ပြည်နယ် ဗန်းမော်မြို့ အရှေ့ဘက် ရွှေပြည်သာကျေးရွာ ဗန်းမော်-မိုးမောက်သွားကားလမ်းပေါ်မှာ ဇန်န၀ါရီ ၁၇ ရက်နေ့က ညနေပိုင်း မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အရပ်သား ၃ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဗန်းမော်မြို့မရဲစခန်း တာဝန်ကျ ဒုရဲအုပ် ဇော်ဝင်းက ဒီဗွီဘီကို ပြောပါတယ်။
“ရွှေပြည်သာကျေးရွာ ဗန်းမော်-မိုးမောက် ကားလမ်းပေါ်မှာ မိုင်တိုင်အမှတ် ၃/၃၇၂ နဲ့ ၄/၃၇၂ ကြားမှာ မိုင်းပေါက်ကွဲမှု တခုဖြစ်ခဲ့တယ်။ ထိခိုက်ပျက်စီးမှုက ယာဉ်အမှတ် ၄ ဟ ၃၉၆၆ သုံးဘီးယာဉ်မောင်းနှင်တဲ့ ကိုသန်းစိုး ၄၅ နှစ် ၀ဲဘက် တတောင်ဆစ်နဲ့ လက်ဖ၀ါး မိုင်းစဆူးဝင်ဒဏ်ရာ တချက်၊ နောက် မိုင်းပေါက်ကွဲတဲ့နေရာအနီး နေအိမ်မှာနေနေတဲ့ ဦးမန်အားနန် အသက် ၈၄ နှစ်ရဲ့ ၀ဲဘက် ခြေသလုံးမှာ မိုင်းစဆူးဝင်ပြီး ဒဏ်ရာရတယ်။ ဗန်းမော်ဘက်ကနေ သုံးမိုင်ဘက်ကို ဆိုင်ကယ်အနီရောင်ကို မောင်းနှင်တဲ့ ဗန်းမော်မြို့နယ်စိုက်ပျိုးရေးရုံးက အငယ်တန်းစာရေး မောင်ကျော်ကျော်ဟန် ၃၀ နှစ်ရဲ့ နောက်စေ့မှာလည်း မိုင်းစ ရှပ်ထိဒဏ်ရာတချက်ရခဲ့တယ်။”
ဒဏ်ရာရသူတွေကို ဗန်းမော်ပြည်သူ့ဆေးရုံကို ပို့ဆောင်ထားပြီး လုံခြုံရေးကို ပိုပြီးတိုးမြှင့်ချထားတယ်။ ဖြစ်ပွားရခြင်းအကြောင်းကို ဆက်ပြီးစုံစမ်းနေတယ်လို့ ဒုရဲအုပ်က ဆိုပါတယ်။
ဒေသခံတွေကတော့ ဒါဟာ ချိန်ကိုက်မိုင်းဖြစ်ဖွယ်ရှိပြီး အစိုးရတပ်ရဲ့ ထောက်ပို့ကားကို ချိန်ရွယ်တာမှာ သုံးဘီး ၁ စီးက ကျော်တက်သွားလို့ သူ့ကို ထိခိုက်ခဲ့တာလို့ ဒေသခံတဦးက ပြောပါတယ်။
“အခုဆို ဗန်းမော်မှာ ကျီးလန့်စာစား ဘယ်နား မိုင်းကွဲမလဲဆိုပြီး လန့်နေကြတယ်။ လမ်းဘေးမှာ သိပ်မကြီးဘူးလို့ ပြောတယ်။ လက်ဝါးလောက်ပဲရှိတဲ့ မိုင်းကို သစ်ပင်ကြားမှာ ချထားပြီး အဝေးကနေ ကွန်ထရိုးနဲ့ နှိပ်ပြီး ခွဲကြတာ။”
ဗုံးပေါက်ကွဲမှုကြောင့် ဒေသခံတွေကြား စိုးရိမ်ထိတ်လန့်နေပြီး ဒီလပိုင်းအတွင်း ဗန်းမော်အနီးတ၀ိုက် မှာလည်း အခြေအနေ တည်ငြိမ်မှုမရှိတဲ့အတွက် ညဘက် ထွက်ရောင်းနေကျ ဈေးသည်တွေ မရှိတော့ဘဲ ည ၁၀ နာရီ နောက်ပိုင်း အပြင်မထွက်ရဲကြဘူးလို့ ဒေသခံတွေက ပြောပါတယ်။