Home
ဆောင်းပါး
လက်သည်မပေါ်တဲ့ မြေမြှုပ်မိုင်းတွေနဲ့ ကျီးလန့်စာစား ဘဝများ
DVB
·
November 2, 2019
“ကျမ ယောကျာ်းဟာ စစ်သားလည်း မဟုတ်ပါဘူး၊ မိုင်းထိတယ်၊ သူ မိုင်းထိလို့ ကျမတို့ဘဝ ပျက်မတတ်ဘဲ” ဟု ပြောရင်း အသက် ၃၀ အရွယ် မွန်တိုင်းရင်းသူ မစော၏ မျက်လုံးအိမ်မှာ မျက်ရည်ဥများ လွှမ်းမိုးသွားတော့သည်။ မစောသည် သူ့အမျိုးသား ကိုကွန်ဗလိုင် မြေမြှုပ်မိုင်းထိသည့် နေ့ရက်ကို ယနေ့အချိန်ထိ မေ့မရနိုင်သေးပါ။ ထိုနေ့မှာ သူတို့ နှစ်ဦး မိသားစု စားဝတ်ရေးနေရေးအတွက် ကွမ်းခြံမှာ ကွမ်းသီး သွားခူးသောနေ့ ဖြစ်သည်။  ပုံမှန်ဆိုလျှင် ကွမ်းခြံကို ကိုကွန်ဗလိုင် တယောက်တည်း နိစ္စဓူဝ သွားလာနေခဲ့သည်။ သူတို့နှစ်ဦး ကွမ်းခြံ ရောက်သွားသောအချိန်မှာ သူတို့ တဲလေးသည် မည်သူမည်ဝါ ရှို့ထားမှန်း မသိဘဲ မီးရှို့ခံထားရသည်။ တဲမီးရှို့ခံထားရသည့်အတွက်ကြောင့် မီးကြွင်းမီးကျန် ငြှိမ်းသတ်ဖို့ ကိုကွန်ဗလိုင် တဲနှင့် မလှမ်းမကမ်း၌ ရှိနေသော စမ်းချောင်းမှာ ရေသွားခပ်ဖို့ သွားခဲ့သည်။ ကိုကွန်ဗလိုင် တဲက ထွက်သွားပြီး ပေ ၂၀ ခန့်အကွာမှာပဲ ဝုန်းဆိုသော အသံကို မစော ကြားလိုက်ရသည်။ အသံလာရာကို မစော ကြည့်လိုက်သည့်အချိန်မှာတော့ ကိုကွန်ဗလိုင်၏ ခန္ဓာကိုယ် တခုလုံးမှာ သွေးများ ပြည့်နှက်နေသည်။ ထိုအခိုက်အတန့်မှာ သူမ မိနစ်ဝက်ခန့် ငြိမ်သက်နေခဲ့ပြီး သတိပြန်ဝင်လာသည့် အချိန်မှာတော့ ကိုကွန်ဗလိုင်ဆီ ပြေးသွားဖို့ ပြင်ဆင်ခဲ့သော်လည်း ဟန့်တားခံလိုက်ရသည်။  ကိုကွန်ဗလိုင်က သူ့ဆီ မလာဘဲ ရွာပြန်ပြီး အကူအညီ သွားတောင်းခံဖို့ ပြောဆိုနေခြင်း ဖြစ်သည်။ ရွာပြန်ပြီး အကူအညီ သွားတောင်းခံဖို့ ပြန်လာသည့် လမ်းတလျှောက်မှာ သွေးထွက်များနေသော သူ့အမျိုးသားအား ဆုံးရှုံးရတော့မည်ကို သူမ စိုးရိမ်ပူပန်နေသည့်အပြင် သမီးမျက်နှာကိုလည်း ပြေးမြင်နေသည်။ “သူ မရှိရင် ကျမတို့ သားမိနှစ်ယောက် ဘယ်လို ရပ်တည်ရမလဲ၊ ကျမ စဉ်းစားတာက ဘယ်သူ့ကိုမှလည်း မကောင်း မပြောပါဘူး၊ ဘာလို့ ကျမတို့ ခြံမှာ မိုင်းလာထောင်ရတာလဲ ”ဟု မစောက အားငယ်စွာဖြင့် ပြောနေသည်။ မည်သို့ပင်ဖြစ်စေ (၂၀၁၈ ခုနှစ် နိုဝင်ဘာ ၂၉ ရက်နေ့) ထိုနေ့မှာ ကိုကွန်ဗလိုင်ကို ရွာသားများ အကူအညီဖြင့် ဆေးရုံပို့ပြီး အသက်ကယ်နိုင်ခဲ့သည်။ သို့သော်လည်း ကိုကွန်ဗလိုင်၏ ညာခြေထောက် ကြေမွခဲ့ပြီး ဖြတ်ရမည့် အခြေအနေနှင့် ကြုံခဲ့ပြန်သည်။  ခြေထောက် မဖြတ်ဖို့ အားလုံး ဝိုင်းဝန်း အကြံပေးသည့်အတွက်ကြောင့် ရအောင်ကုရန် သူတို့ နှစ်ဦး ဆုံးဖြတ်ခဲ့ကြသည်။ အခုအခါ ကိုကွန်ဗလိုင်မှာ ခြေထောက် မဖြတ်ခဲ့ရသော်လည်း ဆေးကုစရိတ် ကျပ်သိန်း ၈၀ ကျော် ကုန်ကျခဲ့ပြီး  သိန်း ၂၀ နီးပါး အကြွေးတင်နေပြီ ဖြစ်သည်။  “သူ မိုင်းထိတာ တနှစ် ပြည့်တော့မယ်၊ အခုထိ မကောင်းသေးဘူး၊ အခုတော့ ကွမ်းယာဆိုင်လေး ဖွင့်ထားတယ်၊ ပိုက်ဆံရရင် ဆေးရုံပြရဦးမယ်”ဟု မစောက ညည်းတွားနေသည်။ သို့ပေမယ့် ဒီဆိုင်လေးသည် သူတို့ မိသားစု၏ စားဝတ်နေရေးကို မကာပေးနိုင်သဖြင့် အကြွေး ပတ်လည်ဝိုင်းနေတော့သည်။ ကိုကွန်ဗလိုင် မိုင်းမထိခင်က ခြံအလုပ်မှ တနှစ်လျှင် သူတို့ မိသားစု ပိုက်ဆံ သိန်းဂဏန်းခန့် စုနိုင်ခဲ့သည်။ အခုလို မြေမြှုပ်မိုင်းဒဏ်ကို ကိုကွန်ဗလိုင်နှင့် မစောတို့ မိသားစုတစုတည်း ခံစားနေရခြင်း မဟုတ်ဘဲ ကိုအဗလိုင်၊ ကိုမွန်ချမ်းနှင့် အဘွား ဒေါ်နှင်းဆီတို့ မိသားစုများလည်း ပါဝင်နေသည်။ သူတို့ထဲမှာ ကိုအဗလိုင်မှာ ပထမဦးဆုံး မြေမြှုပ်မိုင်း နင်းမိလို့ ညာခြေထောက် ဖြတ်ခဲ့ရသည်။ ကိုအဗလိုင် မြေမြှုပ်မိုင်းထိသည့် အချိန်မှာ အမြွှာသမီးလေး နှစ်ယောက်မှာ ၁၀ လသာ ရှိသေးသည်။ “သူ ခြေထောက်ဖြတ်ရမယ်လို့ အစ်မကို ပြောတော့ ငိုလိုက်ရတာ၊ ဘယ်လို လုပ်မလဲ၊ အခက်အခဲကတော့ အများကြီး၊ အကြွေးကလည်း အများကြီးပဲ ပြန်မဆပ်နိုင်သေးဘူး”ဟု ကိုအဗလိုင်၏ အမျိုးသမီး မမိုးသီတာက ဆိုသည်။ မြေမြှုပ်မိုင်းနင်းမိခဲ့သည့် အဘွား ဒေါ်နှင်းဆီကတော့  “အဲဒီနေရာကို မသွားရဲတော့ဘူး၊ အရမ်းကြောက်တယ်၊ အသက်မသေသွားလို့ တော်သေးတယ်”ဟု ဆိုနေသည်။ မြေမြှုပ်မိုင်းထိခဲ့သည့်အတွက်ကြောင့် အဘွားဒေါ်နှင်းဆီမှာလည်း ညာခြေမ ဖြတ်ခဲ့ရပြန်သည်။ မည်သို့ပင်ဖြစ်စေ ယခုလို မြေမြှုပ်မိုင်းအန္တရာယ်မှာ ဥယျာဉ်ခြံအပေါ် မှီခိုပြီး အသက်မွေးဝမ်းကျောင်း ပြုလုပ်နေသည့် အလယ်စခန်းရွာ ဆိုသော သူတို့ရွာလေး၏ ၉၀ ရာခိုင်နှုန်းသော ပြည်သူများအား ခြောက်လှန့်နေသည့် အိပ်မက်ဆိုးပါ။ အလယ်စခန်းကျေးရွာမှာ မွန်ပြည်နယ်နှင့် တနင်္သာရီကြားရှိ ရေဖြူမြို့နယ်မှာ တည်ရှိနေသည်။ ရွာသူရွာသား ၉၀ ရာခိုင်နှုန်းမှာ သူတို့ ရွာခေါ် ကြောင်လျှာကွင်းမှာ ကွမ်းခြံနှင့် ရော်ဘာစိုက်သည့် လုပ်ငန်းများကို လုပ်ကိုင်ကြသည်။ ထိုကြောင်လျှာကွင်းမှာတော့ ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁၅ ရက်နေ့က စပြီး ယနေ့အထိ မြေမြှုပ်မိုင်း ၆ ကြိမ်ထက်မနည်း ပေါက်ကွဲခဲ့ပြီး၊ လူပေါင်း ၈ ဦးအထိ မိုင်းဒဏ်သင့်ခဲ့သည်။ မြေမြှုပ်မိုင်း ပေါက်ကွဲသည့်နေရာမှာ ရွာသူရွာသားများ အဓိက အသက်မွေးဝမ်းကျောင်း ပြုလုပ်နေသည့် ဥယျာဉ်ခြံထဲတွင် ဖြစ်ပွားနေခြင်း ဖြစ်သည်။ ယခုလို မြေမြှုပ်မိုင်းများ မကြာခဏ ပေါက်ကွဲနေခြင်းကြောင့် ရွာသူရွာသား အများစု ခြံထဲ မသွားရဲတော့လို့ စားဝတ်နေရေး အခက်အခဲ ရှိနေကြသည်။ “ကျနော်တို့ တရွာလုံးက ဒီဥယျာဉ်ခြံတွေအပေါ်မှာ လုပ်ကိုင်စားသောက်နေကြတာ၊ အခုက ခဏခဏ မိုင်းပေါက်နေလို့ ဘယ်သူ မသွားရဲကြဘူး၊ ဒီအတိုင်းသာ ဆက်နေမယ်ဆိုရင် ဘယ်လိုလုပ်ပြီး နေရမှာလဲ၊ မိုင်းပေါက်တာကို သက်ဆိုင်ရာတွေကို တိုင်တယ်၊ ဘယ်သူမှ လာမရှင်းပေးကြဘူး” ဟု အလယ်စခန်းကျေးရွာ အုပ်ချုပ်ရေးမှူး နိုင်တင်စန်းက မခံမရပ်နိုင် ဖြစ်နေသည်။ လက်သည်မပေါ်တဲ့ မိုင်း  အလယ်စခန်း ကျေးရွာကို တနိုင်ငံလုံး ပစ်ခတ်တိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA မှာ ပါဝင်လက်မှတ်ရေးထိုးထားသော ကရင်အမျိုးအသား အစည်းရုံး KNU နှင့် မွန်ပြည်သစ်ပါတီ NMSP တို့ သွားလာလှုပ်ရှားနေသည့် ဒေသတခု ဖြစ်သည်ဟု ကျေးရွာ ဒေသခံများက ပြောဆိုသည်။ “ဒီမိုင်းက မွန်မိုင်းလား၊ ကရင်မိုင်းလား ကျနော်တို့ မစွပ်စွဲချင်ဘူး၊ ခြံထဲသွားတဲ့ ရွာသားတွေကိုတော့ အမြဲမှာထားတယ်၊ သူတို့တွေနဲ့ အဆင်ပြေအောင် နေကြဖို့ မှာထားတယ်၊ အခုအချိန်အထိ ကျနော်တို့ ရွာသားတွေက အခန့်မသင့်ရင် နှိပ်စက်ခံနေရတယ်” ဟု အုပ်ချုပ်ရေးမှူး နိုင်တင်စန်းက ပြောသည်။ မြေမြှုပ်မိုင်း မကြာခဏ ပေါက်ကွဲနေခြင်းကို ကရင်အမျိုးအသား အစည်းရုံး KNU နှင့် မွန်ပြည်သစ်ပါတီ NMSP တို့က သူတို့ လုပ်တာမဟုတ်ကြောင်း အခိုင်အမာ ငြင်းဆိုထားသည်။ “ကျနော်တို့ ပြီးခဲ့တဲ့နှစ်က မွန်ပြည်သစ်နဲ့ ပြဿနာ ဖြစ်ပြီးကတည်းက အလယ်စခန်းဘက် မသွားတော့ဘူး၊ မိုင်းကလည်း ကျနော်တို့ မိုင်းမဟုတ်ဘူး” ဟု ကရင်အမျိုးသားအစည်းရုံး KNU မြိတ်-ထားဝယ်ခရိုင် ဆက်ဆံရေးရုံး တာဝန်ခံ ပဒိုစောကလို့စိုးဝင်းက ပြောသည်။ ယခုအခြေအနေနှင့်ပတ်သက်ပြီး မွန်ပြည်သစ်ပါတီ ပြောရေးဆိုခွင့်ရှိသူ နိုင်အောင်မငေးက “ဒီဒေသက ကျွန်တော်တို့ လူမျိုးတွေ နေတာ၊ KNU ကလည်း သူတို့ လုပ်တာ မဟုတ်ဘူးလို့ ပြောတယ်၊ သူတို့လည်း မဝန်ခံဘူးပေါ့၊ နောက်ပြီး အဖွဲ့အစည်းအနေနဲ့လည်း မဟုတ်ဘဲ ပုဂ္ဂိုလ်ရေးအရ လာချနေကြတာ၊ အဲဒီတော့ ပြောရတာ ခက်တယ်”ဟု ဆိုပြန်သည်။ မွန်ပြည်သစ်ပါတီနှင့် တနင်္သာရီတိုင်း JMC-S ပြောရေးဆိုခွင့်ရှိသူများ၏ အဆိုအရ ဒီဒေသကို မွန်ပြည်သစ်၊ KNU အပြင် DKBA နှင့် ပြည်သူ့စစ်တပ်အဖွဲ့ အများအပြား သွားလာနေကြသည်ဟု ထောက်ပြကြသည်။ မည်သို့ပင် ဖြစ်စေ အလယ်စခန်းကျေးရွာ ပေါက်ကွဲနေသည့် မြေမြှုပ်မိုင်းမှာ မိုင်းအသစ်များသာ ဖြစ်နေသည်ဟု သုံးသပ်မှုများလည်း ရှိနေသည်။ “ဒီမြေမြှုပ်မိုင်းက ဒီနေ့ထောင် ဒီနေ့ ပေါက်သလို ဖြစ်နေတယ်၊ အဲဒီလိုပုံစံ ဖြစ်နေတယ်၊ သွားရှာတဲ့အချိန်ကျတော့ မရှိဘူး၊ ဒီမြေမြှုပ်မိုင်းက ကျနော်တို့ စစ်ဆေးကြည့်တဲ့ ပုံစံအရဆို လောလောလတ်လတ် ထောင်ထားတဲ့ မိုင်းပုံစံ ဖြစ်နေတယ်၊ ဟိုအရင်က မိုင်းတွေ မဟုတ်ဘူး”ဟု နိုင်အောင်မငေးက ပြောသည်။ ဘယ်သူ့မှာ တာဝန်ရှိလဲ  အလယ်စခန်းကျေးရွာမှာ မြေမြှုပ်မိုင်း မကြာခဏ ပေါက်ကွဲနေမှုကို သက်ဆိုင်ရာ  အစိုးရအဖွဲ့များနှင့် သက်ဆိုင်ရာ ပစ်ခတ်တိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည်ရေးကော်မတီ JMC-S များ တင်ပြထားခဲ့သော်လည်း တစုံတရာ အရေးယူ ဆောင်ရွက်ပေးခြင်း မရှိသေးဟု ဒေသခံများက ပြောဆိုသည်။ တနင်္သာရီတိုင်း JMC –S ပြောရေးဆိုခွင့်ရှိသူ စဧရာဝင်းက “ဒီမြေမြှုပ်မိုင်းနဲ့ ပတ်သက်ပြီး ကျနော်တို့ တင်ပြတိုင်တန်းထားတာ မတွေ့ရသေးဘူး၊ တင်ပြလာရင် ကျနော်တို့ ချက်ချင်း အရေးယူတာတွေ လုပ်နေတယ်”ဟု ဆိုသည်။  သို့သော်လည်း အခုအခါ ကရင်အမျိုးသား အစည်းအရုံး KNU အနေဖြင့် တရားဝင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ရပ်ဆိုင်းထားသည့် အခြေအနေကြောင့် JMC–S အစည်းအဝေး ခေါ်ဖို့ အခက်အခဲ ရှိနေသည်ဟု ၎င်းက ပြောဆိုသည်။ အခုလို မြေမြှုပ်မိုင်း မကြာခဏ ပေါက်ကွဲနေမှုကို အစိုးရ၊ တပ်မတော် အပါအဝင် တိုင်းရင်းလက်နက်ကိုင် အဖွဲ့အစည်းများအားလုံး ညှိနှိုင်း အဖြေရှာဖို့ လိုအပ်နေသည်။ မွန်ပြည်နယ် လွှတ်တော် ဒုဥက္ကဋ္ဌ ဒေါက်တာ အောင်နိုင်ဦးက  “ဒီမိုင်းက ပတ်သက်ပြီး ဘယ်သူဘယ်ဝါလဲ ဆိုတာ ပြောဖို့ခက်တယ်၊ ဒါပေမဲ့ ဒီမိုင်းပြဿနာကို အစိုးရရော တပ်မတော်ရော ပြီး လက်နက်ကိုင်တွေကို ပူးပေါင်း ဖြေရှင်းသင့်တယ်” ဟု ယခုလို အကြံပြုသည်။ မည်သို့ပင်ဖြစ်စေ NCA စာချုပ်မှာ လက်မှတ်ထိုးထားသည့် အဖွဲ့အစည်းများအနေဖြင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရာမှာ မိုင်းထောင်ခြင်းကို ရပ်ဆိုင်းရန်၊ ထောင်ထားသော မိုင်းများကို ရှင်းလင်းရန်နှင့် မိုင်းရှင်းလင်းရေး လုပ်ငန်းစဉ်များကို နိုင်ငံတော် အစိုးရနှင့် တဆင့်ချင်း ညှိနှိုင်းဆောင်ရွက်ကြရန် သဘောတူထားသည်။ မွန်ပြည်သစ်ပါတီ ပြောရေးဆိုခွင့်ရှိသူ နိုင်အောင်မငေးကတော့ ယခုအခြေအနေကို အဆင့်ဆင့် ပြန်လည် တင်ပြပြီး မိုင်းရှင်းလင်းရေး ဆောင်ရွက်သွားဖို့ စီစဉ်နေသည်ဟု ပြောသည်။ မိုင်းကြောင့် ၁ နှစ် ဘယ်လောက် သေဆုံးနေလဲ  မြန်မာနိုင်ငံ၏ မြေမြှုပ်မိုင်း အသုံးပြုမှုသည် အခြား အာရှနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် အဆင့် ၃ နေရာတွင် ရှိနေကြောင်း မြေမြှုပ်မိုင်းနှင့် ထပ်ဆင့်ပေါက်ကွဲစေသော လက်နက်ကိုင်ပစ္စည်းများ စောင့်ကြည့်လေ့လာရေးအဖွဲ့ (Landmine and Cluster Munition Monitor)၏ ၂၀၁၈ ခုနှစ် အစီရင်ခံစာတွင် ဖော်ပြထားသည်။  ထို့အပြင် မြန်မာနိုင်ငံ၏ မြို့နယ်ပေါင်း ၃၃၀ အနက် မြို့နယ်ပေါင်း ၇၇ မြို့နယ်မှာ မြေမြှုပ်မိုင်း ပုံစံတမျိုးမျိုး ရှိနေသည်ဟု ယင်းအစီရင်ခံစာက ဆိုထားသည်။ မိုင်းအမျိုးအစားအရ လူသတ်မိုင်း၊ လက်လုပ်မိုင်း၊ ကားမိုင်း၊ စစ်အတွင်း ကြွင်းကျန်ရစ်ခဲ့သော ပေါက်ကွဲစေသော ပစ္စည်းတို့ ပါဝင်နေသည်။ အဆိုပါ အစီရင်ခံစာအရ ၁၉၉၉  ခုနှစ် ၂၀၁၈ ခုနှစ်အထိ မြန်မာနိုင်ငံတွင် မြေမြုပ်မိုင်း တစ်မျိုးမျိုးကြောင့် လူပေါင်း ၃၅၃၈ ဦး ဒဏ်ရာရရှိခဲ့ပြီး လူပေါင်း ၅၃၇ ဦး သေဆုံးခဲ့သည်ဟု ဖော်ပြထားသည်။ NCA လက်မှတ်ရေးထိုးသည့် ၂၀၁၅ မှ ၂၀၁၉ စက်တင်ဘာလ ငါးနှစ်အတွင်း မြေမြှုပ်မိုင်းကြောင့် သေဆုံးမှုနှင့် ထိခိုက်ဒဏ်ရရှိမှု အခြေအနေ (Graph) ငါးနှစ်အတွင်း မြေမြှုပ်မိုင်းကြောင့် သေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရရှိမှု

စဉ်

နှစ်အလိုက် ထိခိုက်ဒဏ်ရာ

သေဆုံး

၂၀၁၅ ၁၂၈ ၃၁
၂၀၁၆ ၂၂၉ ၆၉
၂၀၁၇ ၁၅၄ ၄၈
၂၀၁၈ ၁၃၆ ၂၃
၂၀၁၉ စက်တင်ဘာလအထိ ၁၆၈ ၄၂
စုစုပေါင်း ၈၁၅ ၂၁၃
မြန်မာနိုင်ငံမှာ ၂၀၁၅ ခုနှစ်မှ ၂၀၁၉ စက်တင်ဘာအထိ တနှစ်လျှင် မြေမြှုပ်မိုင်းကြောင့် လူပေါင်း ၄၂ ဦးခန့် သေဆုံးနေသည်။  ကိုးကား။ ။ မြေမြှုပ်မိုင်းနှင့် ထပ်ဆင့်ပေါက်ကွဲစေသော လက်နက်ကိုင် ပစ္စည်းများ စောင့်ကြည့်လေ့လာရေးအဖွဲ့နှင့် လူကယ်ပြန်ဌာန မှတ်တမ်းများ။ ကျီးလန့်စာစား ဘဝတွေရဲ့ မျှော်လင့်ချက် အလယ်စခန်းကျေးရွာသည် မြေမြှုပ်မိုင်း ပေါက်ကွဲမှုကြောင့် လူသေဆုံးမှု စာရင်းတွင် မပါဝင်သေးသော်လည်း ထိခိုက်ဒဏ်ရာရရှိမှုနှင့် မသန်းစွမ်းလူဦးရေ စာရင်းမှာ ၂၀၁၈ ခုနှစ်ကစပြီး ပါဝင်လာခဲ့သည်။ တခြားတဖက်မှာတော့ ဥယျာဉ်ခြံ မသွားရဲ မလာရဲ အခြေအနေများကြောင့် မိသားစု စားဝတ်နေရေးနှင့် မိုင်းကြောင့် ဆေးကုသရမှု စရိတ်များအတွက် အကြွေးပတ်လည် ဝိုင်းနေကြသည့်အပြင် ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများလည်း ရှိနေခဲ့သည်။ အခုလို အခြေအနေများကြောင့် ဥယျာဉ်ခြံထဲရှိ မြေမြှုပ်မိုင်းကို နိုင်ငံတော်အဆင့် တာဝန်ရှိသူများမှ ဖယ်ရှားပေးဖို့ သူတို့ မျှော်လင့်နေကြသည်။ “အခုလို ဖြစ်နေတာ တခြားသူတွေက အသေးအမွှားလို့ ဆိုကြတယ်၊ ကျနော်တို့မှာတော့ အသေးအမွှားလေး မဟုတ်ဘူး၊ ခြေပြတ် လက်ပြတ်၊ မိုင်းနင်းမိတယ်ဆိုတာက အန္တရာယ်ပဲ တအားကို အန္တရာယ်ကြီးတာပါ၊ ရွားသားတွေကို ဟိုမသွားရဲ ဒီမသွားရဲ ဖြစ်တယ်၊ ဖြစ်နိုင်မယ်ဆိုရင် နိုင်ငံတော်အစိုးရနဲ့ တာဝန်ရှိတဲ့ အကြီးအကဲတွေကို အကူအညီတောင်းချင်တယ်”ဟု ကျေးရွာ အုပ်ချုပ်ရေးမှူး နိုင်တင်စန်းက ပြောနေသည်။ မြေမြှုပ်မိုင်းနှင့် ပတ်သက်လျှင် မစော ဖြစ်စေချင်သော အကြောင်းအရာတခု ရှိနေသည်။ “ကျမတို့က အေးအေးချမ်းချမ်းပဲ လုပ်စားနေကြတာ၊ ဘယ်သူ့ကိုမှလည်း အပြစ်မပြောဘူး၊ ဖြစ်နိုင်မယ်ဆိုရင် ကျမတို့ဆီမှာ မိုင်းလာမထောင်ကြပါနဲ့။” မည်သို့ပင်ဖြစ်စေ “သမုဒ္ဒရာ ဝမ်းတထွာ”အတွက် ကိုကွန်ဗလိုင် အပါအဝင် ကိုအဗလိုင်တို့သည် ခြေထောက်ပြန်ကောင်းလျှင် ကြောင်လျှာကွင်း(ခေါ်) မိုင်းကွင်းကို အကြွေးပြန်ဆပ်ရန်နှင့် မိသားစု ဝမ်းရေးအတွက် သူတို့ မဖြစ်မနေ သွားရဦးမှာပါ။  သို့ပေမဲ့ မြေမြှုပ်မိုင်းဒဏ်ခံစားခဲ့ရသည့် ကိုကွန်ဗလိုင်ရဲ့ တခုတည်းသော ဆန္ဒက “ကျနော်တို့ လူထုက ခြံထဲ မသွားရရင် စားစရာ မရှိဘူး၊  လူထုတွေ လုပ်စားလို့ရအောင် ခြံထဲ သွားလို့ရအောင် မိုင်းတွေ ဖယ်ပေးစေလိုတယ်” ဟူ၍ပင်။ ဇော်လွင်ထွဋ်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024