
Facebook Lead Story နိုင်ငံတကာ သတင်း
မြွေတကောင်ကို ကိုယ်မှာပတ်ပြီး အိမ်ဝင်းထဲ ခေါ်လာတဲ့ ခွေးကလေး ရေပန်းစား

Email This Story :
ခုရက်ပိုင်းတွင်း ထိုင်းလူမှုကွန်ရက်မှာ မြွေတကောင်ကို ကိုယ်မှာပတ်ပြီး အိမ်ဝင်းထဲခေါ်လာတဲ့ ခွေးကလေးတကောင် အကြောင်းရေပန်းစားနေပါတယ် ။
“သူ့ကို ခဏလေးအပြင်ပေးထွက်လိုက်တာကို ပြန်လာတော့ အဖော်ပါခေါ်လာတယ်၊ ကိုယ်မှာ အနက်ရောင်၊ အညိုရောင်နဲ့ အဝါရောင် အစင်းတွေပါတဲ့မြွေတစ်ကောင်၊ အဲဒီမြွေမျိုးက အုန်းပင်ပေါ်မှာ နေပြီး နေ့ခင်းဘက် မြက်တောတွေမှာ ရှာဖွေစားသောက်တတ်တယ်၊ ထိတ်လန့်ရင် ပါးပြင်ထောင်ပြီး ပါးစပ်ဟတယ်၊ ပေါက်တတ်တယ်၊ ဒါပေမဲ့ အဆိပ်မရှိဘူးဆိုလို့ ကြည့်နေတာ။ ကျနော့်ခွေးကလည်း မြွေကို တကယ်မကိုက်ဘဲ သာသာလေး ခဲတယ်၊ ဟိုမြွေကလည်း သူ့ကို တကယ်မပေါက်ဘဲ တကောင်နဲ့တကောင် ဆော့နေလိုက်တာ၊ ၁၀ မိနစ်လောက်လည်း ကြာရော မြွေလည်း မြက်တောထဲ ပြန်ပျောက်သွားရော၊ ကျနော့်ကောင်လည်း မောမောနဲ့ အိပ်ပျော်သွားတာပေါ့ ၊ လန့်နေလို့ ဗွီဒီယိုတော့ မရိုက်လိုက်ရဘူး” လို့ ခွေးပိုင်ရှင်က သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးတင်ထားတာပါ။
ဒီအကြောင်းအရာကို Thailand Post ထိုင်းသတင်းနဲ့ Dog Cracy ခွေးချစ်သူများ စာမျက်နှာမှာ ပြန်တင်ထားပြီး ဘယ်နေ့က ဘယ်မှာဖြစ်ခဲ့သလဲဆိုတာတော့ ရေးမထားပါဘူး။
မှတ်ချက်တွေမှာတော့ ငါသာဆိုအဲဒီမြွေကို ရိုက်သတ်လိုက်ပြီ၊ အဆိပ်ရှိတဲ့မြွေသာဆို သွားပြီ၊ ခွေးကလည်း ဆော့စရာရှားလို့၊ သူတို့က အရင်ဘ၀ကွဲကွာနေတဲ့အဖော်ပြန်တွေ့ပြီ၊ ၂ ကောင်လုံး ချစ်စရာလေးပါ ………….. စသဖြင့် ဝေဖန်ပြောဆိုနေကြပါတယ်။