၅ နှစ် အမျိုးသားစီမံကိန်းမူကြမ်း မူချောပြန်ရေးပြီး တင်ပြန်ရန် ကြေညာ
အေးနိုင်
·
January 17, 2013
ပြည်ထောင်စုအစိုးရရဲ့ ပဉ္စမကာလတို ငါးနှစ် အမျိုးသားစီမံကိန်း မူကြမ်းကို ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးပြီးတဲ့နောက် မူချောအဖြစ် ပြန်လည်ရေးဆွဲပြီး ပြည်ထောင်စုလွှတ်တော်ကို ပြန်လည်တင်ပြဖို့ ပြည်ထောင်စုလွှတ်တော်က ဒီကနေ့ ကြေညာလိုက်ပါတယ်။
ပြည်ထောင်စုလွှတ်တော်နာယက ဦးခင်အောင်မြင့်က ပြည်ထောင်စုလွှတ်တော်မှာ ကြေညာသွားတာပါ။ စီမံကိန်းမူကြမ်းကို ငါးရက်တာကာလအတွင်း လွှတ်တော်ကိုယ်စားလှယ် ၄၅ ဦးက ဆွေးနွေးခဲ့တာဖြစ်ပြီး ဒီကနေ့ လွှတ်တော်ကိုယ်စားလှယ် ၁၀ ဦးက ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။
အမျိုးသားစီမံကိန်းနဲ့ စီးပွားဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး ဒေါက်တာကံဇော်က ရှင်းလင်းပြီးနောက် နာယကက မဲခွဲခဲ့တာပါ။ ဒီနောက် လွှတ်တော်မှာ အရေးကြီးအဆိုတရပ်ကို တင်သွင်းပါတယ်။
အင်တာနက်မှာ ဒေါက်တာဆိတ်ဖွားကလောင်အမည်နဲ့ ရေးသားတဲ့ဆောင်းပါးကို တင်ပြပြီး စုံစမ်းစစ်ဆေးရေး ကော်မရှင်တရပ်တင်သွင်းဖို့ အဆိုပြုပါတယ်။ ဒီအဆိုပြုချက်ကို လွှတ်တော်နာယကက ဦးခင်အောင်မြင့်က မဲခွဲဆုံးဖြတ်ရာမှာ စုံစမ်းကော်မရှင်တရပ် ဖွဲ့စည်းဆောင်ရွက်ဖို့ ကိုယ်စားလှယ်အများစုက မဲပေးခဲ့ပါတယ်။။
ဇန်န၀ါရီ ပြည်သူ့လွှတ်တော်အစည်းအဝေးနဲ့ အမျိုးသားလွှတ်တော် အစည်းအဝေးတွေ ဆက်လက် ဆွေးနွေးကြမှာ ဖြစ်ပါတယ်။