အာဆီယံထိပ်သီးအစည်းအဝေးတက်ရန် ဒေါ်အောင်ဆန်းစုကြည် ထိုင်းနိုင်ငံသို့သွားရောက်
DVB
·
November 1, 2019
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ (၃၅) ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးနဲ့ ဆက်စပ်ထိပ်သီးအစည်းအဝေးတွေ တက်ရောက်ဖို့ ဒီကနေ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို ထွက်ခွာသွားပါတယ်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ ထိုင်းနိုင်ငံဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုဒ်ချန်အိုချာ (ငြိမ်း)ရဲ့ ဖိတ်ကြားချက်အရ ဒီကနေ့ နိုဝင်ဘာ ၁ ရက် မွန်းလွဲ ၁၂ နာရီခွဲလောက်က နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ ဘန်ကောက်မြို့ကို အထူးလေယာဉ်နဲ့ ထွက်ခွာသွားတာလို့ နိုင်ငံခြားရေးဌာနက သတင်းထုတ်ပြန်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ရင်းနှီးမြုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာနတို့က တာဝန်ရှိပုဂ္ဂိုလ်တွေလည်း လိုက်ပါသွားပါတယ်။
(၃၅) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးတွေကို ဘန်ကောက်မြို့မှာ နိုဝင်ဘာ ၂ ရက်ကနေ ၄ ရက်အထိ ကျင်းပမှာ ဖြစ်ပြီး အာဆီယံဒေတွင်း နိုင်ငံတွေကခေါင်းဆောင်တွေအပြင် အာဆီယံနဲ့ ဆွေးနွေးဖက်နိုင်ငံတွေက ခေါင်းဆောင်တွေလည်း တက်ရောက်မှာ ဖြစ်ပါတယ်။
ဓာတ်ပုံ- သတင်းစဉ်