ကလေးမြို့ သူနာပြုနှင့် သားဖွားသင်တန်းကျောင်းသား ၁ ဦး ရေနစ်သေဆုံး
DVB
·
November 1, 2019
စစ်ကိုင်းတိုင်း၊ ကလေးမြို့အနီး မြစ်သာမြစ်နဲ့ နေရဉ္ဇရာမြစ်ဆုံရာမှာ နို၀င်ဘာ ၃၁ ရက်ညနေ ၅ နာရီလောက်က သူနာပြုသားဖွားသင်တန်းကျောင်း ပထမနှစ်ပညာသင်ကြားနေတဲ့ ကျောင်းသားတဦး ရေနစ် သေဆုံးသွားပါတယ်။
ကျောင်းတာ၀န်ခံ ဆရာမကြီး ဒေါ်ယဉ်ယဉ်မွန်က “သူငယ်ချင်း ခြောက် ဦးအတူသွားကြပါတယ်။ အတန်းနားချိန် အပြင်ထွက်ရာကနေ ရေနစ်တာပါ။ ရေနစ်ချိန်နဲ့ ၁၀ မိနစ်အကွာလောက်မှာ ကျမဆီ ဖုန်းဆက်တာကနေ ကျမလည်း သက်ဆိုင်ရာကို ဖုန်း အကြောင်းကြားပြီး ချက်ခြင်း အဲ့ဒီနေရာ သွားခဲ့တာပါ။ ရေနစ်တဲ့ အလောင်းကိုတော့ ချက်ခြင်း ရှာပေမယ့် မတွေ့ရသေးဘူး”လို့ ပြောပါတယ်။
သေဆုံးသူဟာ ရေဦးမြို့နယ်၊ ဖရုံကုန်းရွာကနေ ကလေးမြို့ သူနာပြုနဲ့ သားဖွား သင်တန်းကျောင်း လာတက်နေတဲ့ ပထမနှစ်ကျောင်းသား သန်းထိုက်အောင်ဖြစ်ပြီး မိဘတွေကိုလည်း ဆရာမကြီးက ချက်ခြင်း အကြောင်းကြားထားပါတယ်။
ရေကူးချိန်မှာ အတူရှိခဲ့တဲ့ ကျောင်းသား ဇော်မျိုးအောင်က “ရေတိမ်ကနေ ကူဆော့ရင်း သူက မျောသွားတယ်။ လိုက်ဆွဲပေမယ့်လက်ကလေးတော့ ထိလိုက်တယ်။ ဒါပေမယ့် ရေနက်ထဲ ရောက်သွားတော့ မကယ်နိုင်ခဲ့ဘူး” လို့ ပြောပါတယ်။
သေဆုံးသူ မောင်သန်းထိုက်အောင် ရုပ်အလောင်းကိုတော့ ဒီကနေ့မနက်အထိ မတွေ့ရသေးဘဲ ကလေးခရိုင် မီးသတ်တက်ဖွဲ့၀င်တွေကလည်း ပူးပေါင်း ရှာဖွေနေကြပါတယ်။
သတင်း- မင်းရဲစစ်နိုင်