Home
မြန်မာသတင်း
ကလေးမြို့နယ်တွင် ကျောက်မီးသွေးတွင်းပေါက်ကွဲပြီး လူ ၁ ဦးသေဆုံး၊ ၃ ဦးအပြင်းအထန်ဒဏ်ရာရ
Aung Ko Latt
·
October 31, 2019
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ ပလူဇဝဒေသရှိ ထူးဟန်သစ်ကုမ္ပဏီလုပ်ကွက် ကျောက်မီးသွေးတွင်းထဲမှာ မနေ့ညက မီသိန်းဓာတ်ငွေ့ပေါက်ကွဲမှုဖြစ်လို့  ကျင်းလုပ်သား ၁ ဦးသေဆုံးပြီး ၃ ဦးအပြင်းအထန်ဒဏ်ရာရသွားပါတယ်။  ပေါက်ကွဲမှုကြောင့် ကျင်းဆင်းလုပ်သားဖြစ်တဲ့ ဦးဝင်းလွင် (၃၈ နှစ်)မှာ အခင်းဖြစ်ရာ နေရာ အနီးမှာ မီးလောင်ဒဏ်ရာတွေနဲ့ သေဆုံးခဲ့ပြီး ဦးအဲထွန်း (၄၄ နှစ်)၊ ဦးဇော်မင်းအောင် (၃၁ နှစ်)၊ ဦးစိုးအောင် (၄၄ နှစ်)တို့ကတော့ စိုးရိမ်ရတဲ့ ခန္ဓာကိုယ်အနှံ့ မီးလောင်ဒဏ်ရာတွေ ရရှိကာ ကလေးဝ ဆေးရုံမှာ အရေးပေါ်လူနာအဖြစ် ဆေးကုသမှု ခံယူနေရပါတယ်။  ထူးဟန်သစ်ကုမ္ပဏီလုပ်ကွက်မှာ ၂၀၁၇ နိုဝင်ဘာလကလည်း ကျောက်မီးသွေး ကျင်းအမိုးပြိုကျလို့ ကျင်းသား ၁ ဦးသေဆုံးခဲ့ပြီး ၂၀၁၈ ဒီဇင်ဘာလမှာ ကျင်းအတွင်း အောက်ဆီဂျင်ပြတ်လို့ ကျင်းသား ၁ ဦး သေဆုံးခဲ့ပါသေးတယ်။  အခုနှစ်မေလမှာလည်း ဒီကုမ္ပဏီလုပ်ကွက်အတွင်းမှာပဲ ပေါက်ကွဲမှုဖြစ်ခဲ့လို့ တရုတ်နိုင်ငံသားအပါအဝင် ကျင်းလုပ်သား ၆ ဦး ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ပါသေးတယ်။ ထူးဟန်သစ်ကုမ္ပဏီကို အစိုးရက တူးဖော်ခွင့် ပိတ်ထားတာလည်း ဖြစ်ပါတယ်။  ကလေးမြို့ အထက်ချင်းတွင်းကွန်ရက် ဦးဆောင်သူ ဦးကျော်သက်ဝင်းက"အဓိကကတော့ ဂရုမစိုက်ဘူးဆိုတဲ့ ပုံစံမျိုးပေါ့။ ဥပဒေကိုလည်း ဂရုမစိုက်ဘူး။ ဌာနကို လည်း ဂရုမစိုက်ဘူး။ လုပ်ချင်ရာလုပ်မယ်ဆိုတဲ့ ပုံစံပဲ။ အစိုးရက တားဆီးပိတ်ပင်ထားတဲ့ ကိစ္စတခု ကို ဆက်ပြီးတော့ အကောင်အထည်ဖော်တယ်။ နောက်ထပ်လည်း လူသေမှုတွေဖြစ်တယ်ဆိုတာ ရာဇဝတ်မှုကို ထပ်ကျူးလွန်တာပဲ။ ဒီကိစ္စကို ဒေသခံအရပ်ဖက်အဖွဲ့တွေအနေနဲ့ ပြင်းပြင်းထန်ထန် ကန့်ကွက်တယ်။ ဌာနရဲ့ စိစစ်မှုညံ့ဖျင်းတာကိုလည်း ပေါ်လွင်စေတယ်။ အဓိကက ဌာနဆိုင်ရာတွေ မသိဘူးဆိုတာ မဖြစ်နိုင်ဘူး။ သူတို့နဲ့ လက်ဝါးခြင်းရိုက်ပြီး လုပ်နေတယ်လို့ မြင်တယ်။ ဒါကိုလည်း ထိထိရောက်ရောက်ဖြေရှင်းဖို့ ပြည်ထောင်စုကိုလည်း တင်ပြမယ်။ အစိုးရစီမံခန့်ခွဲမှု ညံ့ဖျင်းတယ်လို့ ပြောလို့ရတယ်။"လို့ ပြောပါတယ်။ ဒီကိစ္စအပေါ်မှာတော့ တိုင်းအစိုးရအနေနဲ့ တိုက်ရိုက်ကိုင်တွယ်ခွင့်မရှိလို့ ပြည်ထောင်စုကို တင်ပြသွားမယ်လို့ ဝန်ကြီး ပြောပါတယ်။ စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ဝင် သယံဇာတကိစ္စတွေပါ ပူးတွဲ တာဝန်ယူနေတဲ့ ချင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးလာလ်ထောင်ထန်းက "အခုက ကျင်းပြုပြင်တယ်လို့တော့ ပြောတာပဲ။ ထုတ်လုပ်ပိုင်ခွင့်တော့ မရှိဘူး။ အစိုးရအဖွဲ့ အနေနဲ့ ပြည်ထောင်စုကိုတော့ စာရေးရမှာပေါ့။ ကျနော်တို့ကတော့ ဘာလုပ်လို့မှမရဘူး။ ပြည်ထောင်စုကို တွန်းအားပေးဖို့ပဲ ရှိတယ်။ ဖြစ်သင့်တာက ပြည်ထောင်စုလည်း ကြီးကြပ်မှု အားနည်းတာပေါ့။ အဓိကတော့ ကလေးဝအမှတ် ၁ သတ္တုတွင်းပေါ့နော်။ သူတို့က အနီးကပ် ကြီးကြပ်တာပေါ့လေ။"လို့ ပြောပါတယ်။ ထူးဟန်သစ်ကုမ္ပဏီက ကျောက်မီးသွေးထုတ်လုပ်ခွင့်ရရှိထားတဲ့ မြန်မာ့စီးပွားရေးဦးပိုင် အများနဲ့ သက်ဆိုင်သော ကုမ္ပဏီနဲ့ ထပ်ဆင့် စာချုပ်ချုပ်ဆိုကာ လုပ်ကိုင်နေတာဖြစ်ပါတယ်။  ကလေးဝမြို့နယ်အတွင်း ပလူဇဝ၊ သစ်ချောက်၊ ယောစု၊ ကျောက်အုံ စတဲ့နေရာတွေမှာ မြန်မာ့စီးပွားရေးဦးပိုင် အများနဲ့ သက်ဆိုင်သောကုမ္ပဏီ၊ ထွန်းသွင်၊ ထူး၊ မက်စ်မြန်မာ၊ ရွှေတောင် စတဲ့ကုမ္ပဏီကြီး ၁၀ ခုက ကျောက်မီးသွေး တူးဖော်နေကြတာဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024