မြန်မာအမျိုးသားလေကြောင်းရုံးချုပ်၌ ရန်ကုန်မြို့ပြအမွေအနှစ် ကဗ္ဗည်းပြား တပ်ဆင်
ဆုဆုသွယ်
·
October 31, 2019
ရန်ကုန်မြို့ပြ အမွေအနှစ်အထိမ်းအမှတ် အပြာရောင်ကဗ္ဗည်းပြားကို ရန်ကုန်မြို့၊ ကမ်းနားလမ်းမှာရှိတဲ့ မြန်မာအမျိုးသားလေကြောင်းရုံးချုပ်မှာ အောက်တိုဘာ ၃၁ ရက်က တပ်ဆင်လိုက်ပါတယ်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနဲ့ ရန်ကုန်မြို့ပြ အမွေအနှစ်ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့တို့က ပူးပေါင်းတပ်ဆင်တာဖြစ်ပါတယ်။
မြန်မာအမျိုးသားလေကြောင်းရုံးချုပ်ဟာ အရင်က ကိုလိုနီခေတ်မှာ မြန်မာနိုင်ငံက ကျွန်းသစ်အများဆုံးတင်ပိုခဲ့တဲ့ ဘုံဘေဘားမား ကုန်သွယ်ရေး ကော်ပိုရေးရှင်း လီမိတက်ရုံးချုပ်အနေနဲ့အသုံးပြုခဲ့တဲ့ အဆောက်အဦဖြစ်ပါတယ်။
လက်ရှိ မြန်မာအမျိုးသားလေကြောင်းရုံးချုပ်ဟာ ၁၉၁၅ ခုနှစ်ဝန်းကျင်က တည်ဆောက်ထားတဲ့အဆောက်အဦဖြစ်ပြီး နှစ်ပေါင်း ၁၀၀ ဝန်းကျင်ရှိပြီ ဖြစ်ပါတယ်။
အပြာရောင်ကဗျည်းပြားတွေကို ရန်ကုန်မြို့မှာရှိတဲ့ အမွေအနှစ်ဆိုင်ရာ အဆောက်အအုံတွေ၊ နေရာတွေမှာ မြို့ရဲ့အမှတ်အသားတခုအနေနဲ့ တပ်ဆင်နေတာဖြစ်ပြီး အဲဒီ အဆောက်အအုံတွေ၊ နေရာတွေကို လူအများသိရှိကာ ပိုမိုတန်ဖိုးထားထိန်းသိမ်းတတ်စေဖို့အတွက် ရည်ရွယ် လုပ်ဆောင်တာ ဖြစ်ပါတယ်။
မြန်မာအမျိုးသားလေကြောင်းရုံးမှာ တပ်ဆင်တဲ့အပြာရောင်ကဗျည်းဟာ ၃၄ ခုမြောက်တပ်တဲ့ ကဗျည်းပြားဖြစ်ပြီး အပြာရောင်ကဗျည်းတပ်တဲ့ အခမ်းအနားကို ရန်ကုန်တိုင်း ဝန်ကြီးချုပ် တက်ရောက်ခဲ့ပါတယ်။