ပန်းတနော် `ကျုံခရင်´ချောင်းကူးတံတား ကျိုးကျမည့် အန္တရာယ်ရှိနေ
DVB
·
October 30, 2019
ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်ရှိ `ကျုံခရင်´ချောင်းကူး တံတားကြမ်းခင်း အောက်ရှိ အမာခံယက်မတန်းကြီး ကျိုးနေတာကြောင့် ခရီးသွားယာဉ်တွေ အန္တရာယ်ဖြစ်နိုင်တဲ့အတွက် ဒေသခံတွေက စိုးရိမ်နေကြပါတယ်။
ရန်ကုန်-ပုသိမ်ကားလမ်းမကြီးနဲ့ အင်းမ-အင်းတကော်၊ ခရေခံ-ဓနော်ကျေးရွာတွေ ဆက်သွယ်ထားတဲ့ ကျေးလက်လမ်းပေါ်ရှိ `ကျုံခရင်´ချောင်းကူးတံတားဟာ အောက်တိုဘာ ၂၈ ရက်မနက်က တံတားကြမ်းခင်းအောက်ရှိ အမာခံယက်မတန်းကြီး သုံးချောင်းကျိုးသွားခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံ ဦးလှမြင့်က “မြင်တွေ့နေရတဲ့ ကျုံခရင်တံတားကြီးဟာဆိုရင် ရာသီဥတုဒဏ်၊ သွားလာနေတဲ့ ယာဉ်များရဲ့ ဒဏ်ကြောင့် တံတားအောက် ယက်မတန်း လေးတန်းရှိတဲ့အနက်က သုံးတန်းကျိုးနေပြီ ဖြစ်ပါတယ်။ တတန်းပဲ ကျန်ပါတော့တယ်။ ဒါပေမယ့် အပေါ်ကနေခင်းထားတဲ့ ပျဉ်ပြားတွေကြောင့် တံတားကြီးဟာ မပျက်စီးတဲ့ပုံစံဖြစ်နေတယ်။ အဲ့ဒါကြောင့် နယ်ကနေလာတဲ့ ယာဉ်တွေ အမှတ်တမဲ့ကူးသွားရင် အန္တရာယ်ဖြစ်နိုင်တယ်”လို့ ပြောပါတယ်။
`ကျုံခရင်´တံတားဟာ ကျေးရွာအုပ်စုလေးအုပ်စုမှာနေထိုင်တဲ့ ဒေသခံပြည်သူတွေနဲ့ အနယ်နယ်အရပ်ရပ်က ယာဉ်တွေအသုံးပြုနေတဲ့ အဓိကလမ်းမကြီးပေါ်မှာ တည်ရှိနေတာပါ။
မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနက ဒီချောင်းကူးတံတားကြီးကို ၂၀၀၅ ခုနှစ်က စတင်တည်ဆောက်ခဲ့ပြီး ၂၀၀၆ ခုနှစ်မှာ ပြီးစီးခဲ့ကာ တံတားရဲ့အရှည်မှာ ၁၀၈ ပေ၊ အကျယ် ၁၂ ပေရှိကာ သက်တမ်းကတော့ ၁၃ နှစ်ကျော်နေပြီဖြစ်ပါတယ်။
ကျော်စိုးမိုး