လွှတ်တော်အစည်းအဝေးမှာ အင်တာနက်လိုင်း စီစဉ်ထားရှိပေးခြင်းမရှိတဲ့အတွက် သတင်းထောက်တွေ သတင်းပို့ရာမှာ နှောင့်နှေးကြန့်ကြာနေတာကြောင့် သက်ဆိုင်ရာက ဖြေရှင်းပေးဖို့ လိုလားနေကြပါတယ်။
ကြုံရတဲ့အခက်အခဲကို အမည်မဖော်လိုတဲ့ ပြည်တွင်းဂျာနယ်သတင်းထောာက်တဦးက “ကြုံရတဲ့အခက်အခဲက ကျနော်တို့ကို တိုက်က လွှတ်လိုက်တယ်။ ဒါပေမယ့် ကျနော်တို့က အင်တာနက်မရတဲ့အတွက် တိုက်ကို အချိန်မီသတင်းမပို့နိုင်ဘူး။ အထင်မြင်လွဲမှားခံရမှုတွေ ရှိတယ်။ ဒါပေမယ့် ဖုန်းနဲ့ပဲ report တင်ရတာ အဆင်မပြေဘူး။ ဓာတ်ပုံတွေဘာတွေတင်ဖို့က အွန်လိုင်းမှာ အပြိုင်အဆိုင်ဖြစ်နေကြတာ။ ဓာတ်ပုံတွေဘာတွေ တင်ပေးမှ အဆင်ပြေမယ်ဆိုတော့ ကျနော့်စိတ်ထင်ပြောရရင် အင်တာနက်ကို လုပ်အေးသင့်တယ်လို့ထင်တယ်” လို့ ဆိုပါတယ်။
လက်ရှိကျင်းပနေတဲ့ ပြည်ထောင်စုလွှတ်တော်မှာ သတင်းရယူသမားတွေအဖို့ မီဒီယာသမားများအတွက် သတင်းရယူနိုင်ဖို့ အခန်းတခု စီစဉ်ထားပေးသလို တိုက်ရိုက်ထုတ်လွင့်မှုကိုလည်း တီဗွီက ပြသပါတယ်။
သတင်းရယူရေးက လွယ်ကူချောမွေ့ပေမယ့် ရရှိတဲ့သတင်းကို မိမိရဲ့သတင်းဌာနကို ပို့ဆောင်ဖို့ လယ်ကူခြင်း မရှိပါဘူး။ သတင်းပေးပို့ရာမှာ အင်တာနက်လိုင်းအားကောင်းမှ အသံဖိုင်တွေနဲ့ အရုပ်ဖိုင်တွေ အလွယ်တကူ ပို့နိုင်မှာဖြစ်ပါတယ်။
တခြားသတင်းထောက်တဦးရဲ့ အမြင်ကတော့ ရန်ကုန်နဲ့ မန္တလေးဘက် ဂျာနယ်တိုက်တွေက ငွေကုန်ကြေးကျ ကုန်ကျခံစေလွှတ်ရတာ ဖြစ်တဲ့အကြောင်းနဲ့ အချိန်နဲ့ တပြေးညီ သတင်းမတင်နိုင်တဲ့အတွက် အခက်အခဲဖြစ်နေတယ်လို့ ပြောပါတယ်။

“ဥပမာ ဒီနေလွှတ်တော်က ထွက်လာတဲ့ သတင်းကို အားချင်းယူပြီး တင်ရမယ်။ အခုလို အင်တာနက် အသုံးပြုခွင့်မရတဲ့အတွက် သတင်းကို ချက်ချင်းမတင်နိုင်ဘူး။ တိုက်က ငွေကုန်ကြေးကျခံပြီးလွှတ်လိုက်တယ်။ ဒီကနေ ကျနော်တို့က အလွယ်တကူ သတင်းမတင်နိုင်တဲ့အတွက် တိုက်က အယ်ဒီတာချုပ်တို့ရဲ့ ထင်မြင်လွဲမှားမှုတွေ ရှိတယ်။”
သတင်းထောက်တွေသာမကဘဲ လွှတ်တော်ကိုယ်စားလှယ်တွေလည်း လွှတ်တော်တွေမှာ အင်တာနက်သုံးစွဲဖို့ ခက်ခဲသလို လွှတ်တော်တက်ရောက်စဉ်ကာလအတွင်း နေပြည်တော်မှာ နေထိုင်တဲ့ စည်ပင်အိမ်ရာတွေဘက်မှာလည်း အင်တာနက်လိုင်းကို မတွေ့ရပါဘူး။ သက်ဆိုင်ရာကတော့ နေထိုင်စရိတ် တရက်ကို ကျပ်ငွေ နှစ်ထောင်နှုန်းနဲ့ ဆယ့်ငါးပေ ပေနှစ်ဆယ်အခန်းမှာ နေထိုင်နိုင်အောင် စီစဉ်ပေးထားပါတယ်။
အဲဒီအင်တာနက်လိုင်း ရရှိရေး ဆောင်ရွက်ပေးဖို့ကိစ္စကို သတင်းမီဒီယာသမားတွေက လွှတ်တော်က တာဝန်ရှိသူတွေထံ သုံးကြိမ်ထက်မနည်း တင်ပြအကြောင်းကြားခဲ့ပေမယ့် မထူးသေးဘူးလို့ ဆိုပါတယ်။
ဒါနဲ့ပတ်သက်ပြီး သတင်းထောက်တဦးက “မြန်မာနိုင်ငံမှာ ဒီလွှတ်တော်ကြီးတခုလုံး လုပ်လာပြီးမှ ဘာမှမဟုတ်တဲ့ အင်တာနက်လေးတောင်မှ လုပ်ပေးနိုင်တဲ့ အရည်အချင်းမရှိဘူး။ ဒါကြောင့် အကုန်လုံး အင်တာနက်အသုံးပြုခွင့်ရအောင်လို့ လုပ်ပေးသင့်တယ်။ ကြီးကြီးမားမားလုပ်လာပြီးမှ ဒီဟာလေး တခုတည်းကြောင့် တွန့်ဆုတ်တွန့်ဆုတ် မဖြစ်သင့်ဘူး။ အကုန်လုံး လုပ်ပေးသင့်တယ်။ လွှတ်တော်ကိုယ်စားလှယ်တွေလည်း အသုံးပြုလို့ရမယ်။ သတင်းမီဒီယာတွေလည်း အသုံးပြုလို့ရမယ်။ အင်တာနက်ကိစ္စကို လွှတ်တော်ကိုယ်စားလှယ်တွေကတဆင့် ပြည်ထောင်စု ၀န်ကြီးတွေ အကုန်လုံးက တိုက်တိုက်တွန်းတွန်းလုပ်ပေးသင့်တယ်လို့ မြင်တယ်။”