Home
မြန်မာသတင်း
ကရင်နီလူငယ် ၆ ဦးအမှု နိုဝင်ဘာလ ၇ ရက်နေ့ အမိန့်ချမှတ်မည်   
နော်နိုရင်း
·
October 29, 2019
ဗိုလ်ချုပ်ကြေးရုပ်တုကိစ္စနဲ့ပတ်သက်ပြီး နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် လုံခြုံမှုကိုကာကွယ်ပေး ရေး ဥပဒေ ပုဒ်မ (၁၀) နဲ့ တရားစွဲခံထားရတဲ့ ကရင်နီ လူငယ် ၆ ဦးရဲ့အမှုကို နိုဝင်ဘာလ ၇ ရက်နေ့မှာ အပြီးသတ် အမိန့်ချမှတ်မှာ ဖြစ်ပါတယ်။ ကရင်နီလူငယ် ၆ ဦးကို ဒီကနေ့ ၁၇ ကြိမ်မြောက်ရုံးထုတ်ပြီး အပြီးသတ်လျှောက်လဲချက်တင် အပြီးမှာတော့ လာမယ့် နိုဝင်ဘာလ ၇ ရက်နေ့ အမိန့်ချမှတ်ဖို့ ချိန်းဆိုခဲ့တာဖြစ်ပါတယ်။ ကရင်နီလူငယ် ခူးကြူးဖဲကေးက “ဒီဖြစ်စဉ်တခုလုံးဖြစ်လာတာက နိုင်ငံရေးအရ အကောက်ကြံမှုဖြစ်ပါတယ်။ ဆွေးနွေးပွဲ အဆင်မပြေမှပဲ ကျနော်တို့ကို နိုင်ငံရေးအရ အကောက်ကြံမှပဲ ဖမ်းတာဖြစ်တယ်။ ဒါဟာ ဒီဖြစ်စဉ် တခုလုံးက တရားမျှတမှုမရှိဘူး ဆိုတာကို အားလုံးက မျက်ဝါးထင်ထင် တွေ့ပြီးသားဖြစ်တယ်။ သက်သေခိုင်မာမှုမရှိဘဲနဲ့ ကျနော်တို့ကို စွဲချက် ကောက်တင်ထားတာဖြစ်တယ်။ အဲဒါကိုလည်း ကျနော်တို့ ပြောခဲ့ဖူးပါတယ်။ အုပ်ချုပ်ရေးယန္တရားက တရားစီရင်မှုအပိုင်းမှာ ဘယ်လောက်ထိ ပါဝင်ပတ်သက်နေလဲဆိုတာ အားလုံးက တွေ့မြင်ပြီးသားဖြစ်တယ်။  ကျနော်တို့ကို နောက်လ ၇ ရက်နေ့ကျရင် ရုံးချိန်းထပ်မံပြီးပေးလိုက်တယ်။ အဲဒီအချိန်ကျရင်တော့ တရားသူကြီးရဲ့ ဆင်ခြင်တုန် တရားနဲ့အတူ ဆုံးဖြတ်နိုင်စွမ်းကို အားလုံးမြင်တွေ့ရမှာဖြစ်တယ်”လို့ ရုံးချိန်းအပြီးမှာ ပြောပါတယ်။ နောက်ထပ်ကရင်နီလူငယ် ကိုမျိုးလှိုင်ဝင်းကလည်း သူတို့အနေနဲ့ တရားရုံးမှာ အဓိက အချက် ၃ ချက်ကိုသာ တင်ပြထွက်ဆိုခဲ့ကြောင်းပြောပါတယ်။ “ပထမတချက်က နိုင်လွတ်လုံပုဒ်မ (၁၀) နိုင်လွတ်လုံပုဒ်မ ဥပဒေတွေဟာ  နိုင်ငံသားတွေအတွက် ရေးစွဲထားတဲ့ ဥပဒေဖြစ်တယ်။ နိုင်ငံသားတွေကို ကာကွယ်ပေးထားတဲ့ ဥပဒေဖြစ်တယ်။ အစိုးရတွေအတွက် ရေးစွဲထားပေးတဲ့ ဥပဒေတရပ်မဟုတ်ဘူးဆိုတာကို ကျနော်တို့အဓိက ထွက်ဆိုတဲ့ ပထမ အချက်ဖြစ်တယ်။ အခုက ပြည်နယ်အစိုးရအနေနဲ့ ကိုယ်စားပြုပြီးစွဲတဲ့အတွက် ဒါဥပဒေကြောင်းအရ ကျိုးကြော်း ဆီလျော်မှုမရှိဘူးဆိုတဲ့ဟာကို ကျနော်တို့ တရားရုံးမှာ ထောက်ပြတယ်။ ဒုတိယ တချက်က နိုင်လွတ်လုံဥပဒေ ပုဒ်မ ၁၀ ဟာ ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုနဲ့ ဦးမော်မော်ပေါ်မှာ ဂုဏ်သိက္ခာအရ ညိုးနွမ်းစေတယ်၊ ဂုဏ်သိက္ခာအရ ထိခိုက်စေပါတယ်ဆိုတဲ့ အဓိက အကြောင်းအရာနဲ့ကျနော်တို့ကို စွဲချက်တင်တယ်။ လာမယ့် ၇ ရက်နေ့အမိန့်ချမယ်။ ဆိုတော့ ဒီတလျှောက်လုံးမှာ ဦးအယ်ဖောင်းရှိုနဲ့ ဦးမော်မော်ဟာ တရားရုံးမှာ သူတို့နစ်နာပါတယ်။ သူတို့အတွက် ဂုဏ်သိက္ခာကျဆင်းပါတယ်ဆိုတဲ့ လာထွက်ဆိုတာ မရှိသလို သတင်းမီဒီယာတွေမှာလည်း တရားဝင်ဖြေရှင်းခဲ့တာလည်း မရှိတဲ့အတွက်ကြောင့် ဥပဒေ လမ်းကြောင်းအရ အရေးယူ အပြစ်ပေးလို့မရဘူးဆိုတဲ့ဟာကို ကျနော်တို့ ပြောဆိုခဲ့တယ်။ နောက်ဆုံး နံပါတ် ၃ တချက် ဝန်ကြီးချုပ် ဦးအယ်ဖောင်းရှိုနဲ့ဦးမော်မော်ဟာ ၁၉၆၁ သမိုင်းဝင် ပုဂ္ဂိုလ်များရဲ့ အထိမ်းအမှတ်၊ မော်ကွန်းဥပဒေ ဘောင်ထက်ကျော်လွန်ပြီး ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုကို စိုက်ထူပါတယ်ဆိုတဲ့ ဟာကို မော်ကွန်းဥပဒေအရ ချိုးဖောက်နေပါတယ်ဆိုတဲ့ဟာကို ကျနော်တို့ တရားရုံးတော်ကို တင်ပြခဲ့တာပေါ့နော်။” ကရင်နီလူငယ်တွေအတွက် လိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ခူးပိုးရယ် (ခေါ်)ဦးစောခူးတလေ ကတော့ ဒီအမှုကို ပြန်သုံးသပ်ရင် စွဲလို့မရတဲ့ အမှုဖြစ်တယ်လို့ ပြောပါတယ်။           “ဒီအမှုမှာကတော့ ကယားပြည်နယ်အစိုးရကိုယ်စားအနေနဲ့ သူတို့ရဲ့ဦးစီးကို စွဲခိုင်းတဲ့အမှု ဖြစ်တာပေါ့နော်။ အမှန်တကယ်ဒါက ဥပဒေလမ်းကြောင်းအတိုင်းကြည့်မယ်ဆိုရင် ကျနော်တို့ ဒါစွဲလို့ မရဘူးပေါ့။ ကျနော်တို့သုံးသပ်တာကတော့။ ဒီမှာကတော့ လူငယ် ၆ ဦးကနေပြီးတော့မှ ကြေညာတဲ့စာတန်းအပေါ်မှာ ပုဂ္ဂိုလ်ရေးအရ သူ့ရဲ့ထင်ပေါ်ကျော်ကြားမှု ဂုဏ်သတင်းကို ထိခိုက်တယ် ဆိုတဲ့ ဟာမျိုးကို အဓိက စွဲပြီးတော့ ပြေတာပေါ့နော်။ တဘက်မှာက ကျနော်တို့ စစ်ဆေးပေါက်ပေါက်ချက်အရ လူငယ်တွေက ဒီဟာကိုထုတ်တာက နိုင်ငံသား ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကပေးထားတဲ့ နိုင်ငံသားအခွင့်အရေးနဲ့ ဒီမိုကရေစီရဲ့အခွင့်အရေးကို အသုံးချ ပြီးတော့မှ ဒီဟာကို ထောက်ပြဝေဖန်တယ်လို့ သူတို့က ထွက်ဆိုထားပါတယ်။ တဖက်ကတော့ သူတို့ရဲ့ တဦးတယောက်ကို ထိခိုက်နစ်နာပါ တယ်ဆိုတဲ့စွဲချက်တင်ထားပါတယ်။” ဒါ့အပြင် ဦးစောခူးတလေက  နိုင်လွတ်လုံပုဒ်မဟာနိုင်ငံသားတွေကို ကာကွယ်ပေးတဲ့ဥပဒေ ဖြစ်မယ့် လက်ရှိမှာ‌တော့ အာဏာရှိတဲ့အသိုင်းအဝိုင်းတခုကနေပြီးတော့မှ အသုံးပြုလို့ကောင်းတဲ့ ဥပဒေတခုဖြစ်သွားတယ်လို့ လည်းဝေဖန် ပြောပါတယ်။ “အဓိက စွဲချက်တင်စစ်ဆေးတာကတော့ ပုဒ်မ ၈ (စ)နဲ့ စွဲချက်တင်စစ်ဆေးတာပေါ့နော်။ ဒီအမှုမှာတော့ ဥပဒေရဲ့ရည်ရွယ်ချက်သည် အဓိကက ကျနော်တို့ ဒီနိုင်ငံသားတွေ လွတ်လွတ်လပ်လပ်နဲ့ သွားလာလှုပ်ရှားနိုင်အောင် ဆိုပြီးတော့မှာ ဒီဥပဒေကို ပြဋ္ဌာန်းတယ်။ ဒါပေမယ့် တဖက်ကနေ ကြည့်ရင် ဒီဥပဒေရဲ့ အားနည်းချက်တွေမှာ ပေါ်လာတာက ကျနော်တို့ပြည်သူလူထု ကျနော်တို့ နိုင်ငံသားတွေကို ကာကွယ်ပေးရာမရောက်တော့ဘဲနဲ့ အာဏာရှိတဲ့အသိုင်းအဝိုင်းတခုကနေပြီးတော့မှ အသုံးပြုလို့ကောင်းတဲ့ ဥပဒေတခုဖြစ်သွားတာပေါ့။ ဒါက ဥပဒေရဲ့အားနည်းချက်လို့လည်း ကျနော်သုံးသပ်မိပါတယ်။” ဗိုလ်ချုပ်ကြေးရုပ်တု တည်ဆောက်ရေးကိစ္စနဲ့ပတ်သက်ပြီး ကယားပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်စီမံ/ဘဏ္ဍာဝန်ကြီးနဲ့ ကြေးရုပ် ဖြစ်မြောက်ရေး ကော်မတီတို့ကို နိုင်ငံရေးရာဇဝတ်ကောင်များ၊ ကရင်နီအမျိုးသားသစ္စာဖောက်ဆိုပြီး ကရင်နီ လူငယ်တွေက မတ် ၂၅ ရက်က ထုတ်ပြန်ကြေညာရာမှာ ပါဝင်လက်မှတ်ရေးထိုးခဲ့တဲ့အတွက် လူငယ် ၆ ဦးကို ပြည်နယ်အစိုးရက တရားစွဲခဲ့တာပါ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024