Home
မြန်မာသတင်း
ဘိလပ်မြေစက်ရုံအနီးက ရွာများတွင် အဝီစိတွင်းရေများကို စိတ်ချရမှ ဖြန့်ဖြူးပေးမည်
DVB
·
October 29, 2019
ကရင်ပြည်နယ်အစိုးရက မြိုင်ကလေး ဘိလပ်မြေစက်ရုံအနီးက ကျေးရွာတွေကို သောက်သုံးရေအခက်အခဲ မရှိစေဖို့ အဝီစိတွင်းတူးဖော်ပြီး ရေဖြန့်ဝေပေးဖို့ဆောင်ရွက်ပေးနေသလို ရေဖြန့်ဝေရာမှာ စိတ်ချရတဲ့ရေဖြစ်မှ လူထုကို ဖြန့်ဖြူးပေးသွားမယ်လို့ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးသန်းနိုင်က ပြောပါတယ်။ ဘားအံမြို့နယ်၊ နတ်ကုန်းကျေးရွာမှာ ကရင်ပြည်နယ်အစိုးရက ရေဖြန့်ဝေပေးနိုင်ဖို့ စီမံဆောင်ရွက်နေတဲ့ အဝီစိတွင်းတူးဖော်ရေးလုပ်ငန်းနဲ့ပတ်သက်ပြီး ဒီဗွီဘီကို ပြောကြားခဲ့တာ ဖြစ်ပါတယ်။ မြန်မာစီးပွားရေးကော်ပိုရေးရှင်းပိုင်၊ မြိုင်ကလေး ဘိလပ်မြေစက်ရုံ(တန် ၄၀၀၀) စက်ရုံအနီး ကျေးရွာတွေမှာ အခုရက်ပိုင်းအတွင်း ရေတွင်း၊ ရေကန်၊ ချောင်းနဲ့ အင်းအိုင်တွေမှာ စက်ရုံကစွန့်ပစ်လိုက်တဲ့ ကျောက်မီးသွေးလောင်စာသုံးစွန့်ပစ်ရေတွေကြောင့် ရေအရောင်ပြောင်းလဲ ခဲ့တဲ့အတွက် အခုလို ပြည်နယ်အစိုးရက ဒေသခံတွေ ရေအခက်အခဲမရှိအောင် ဆောင်ရွက်ပေးနေတာပါ။ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးသန်းနိုင် က “ရေတွင်းကြီးတွေ တူးပေးလိုက်တဲ့အတွက်ကြောင့်တော့ ဒီကိစ္စတော့ ကာဗာဖြစ်သွားပြီ။ သူတို့ကျေးရွာမှာ သောက်သုံးရေတွေ ရမယ်။ ဒီရေတွေ ကျနော်တို့ စိတ်ချရတဲ့ရေဖြစ်မှ သောက်သုံးရေတွေ ဖြန့်ဖြူးပေးမှာဖြစ်တယ်”လို့ ပြောပါတယ်။ ရေအရောင်ပြောင်းလဲခဲ့တဲ့ကျေးရွာက ဒေသခံတွေ သောက်သုံးရေအခက်အခဲမရှိအောင် ရေရှည်အသုံးပြုနိုင်တဲ့ အဝီစီတွင်းရေကို ငှက်ပျောတောကျေးရွာမှာ စတင်တူးဖော်ပေးနေသလို နတ်ကုန်း၊ ရေတွင်းကုန်း၊ ကော့ပတိုင်ကျေးရွာတွေမှာ သောက်သုံးနိုင်တဲ့ရေရရှိတဲ့အထိ တူးဖော်ပေးသွားမှာပါ။ ဘားအံမြို့နယ်၊ နတ်ကုန်းကျေးရွာ၊ ဦးပန်းကြီး က “အခုကတော့ တူးတော့ တူးပေးတာပဲ။ ကျနော်တို့ကတော့ သုံးတော့ သုံးတာပဲ။ နောက် ဘယ်လိုဆိုးကျိုးဖြစ်လာမလဲဆိုတာ ကျနော်တို့ မသိဘူး”လို့ ပြောပါတယ်။ ဘားအံမြို့နယ်၊ ငှက်ပျောတောကျေးရွာ၊ ကိုစောလင်းထွန်းက “အရင်က သုံးတယ်ဆိုရင် ရေခပ်သောက် အကုန်လုံးချိုးတယ်။ အဲဒီနောက်ပိုင်းက အခုလိုပုံစံမျိုးဆိုတော့ ကျောက်မီးသွေးလို့ နည်းနည်းသုံးသပ်တာပေါ့”လို့ ပြောပါတယ်။ အောက်တိုဘာ ၂၆ ရက်နေ့က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး ကရင်ပြည်နယ်အစိုးရ စီမံ ဆောင်ရွက်နေတဲ့ အဝီစိတွင်းတူးဖော်ရေးလုပ်ငန်းခွင်ကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။ ငှက်ပျောတောကျေးရွာမှာ PH 6.87 အဆင့်ရှိ ရေတွင်းကရေတွေကို ဂျပန်နိုင်ငံထုတ် Mobile water Purification Vehicle စက်နဲ့ တနာရီကို ရေသန့်လီတာ၂၀ ဘူး ၁၅၀ ထွက်ရှိတဲ့အတွက် တရက်ကို ရေသန့်ဘူး ၁၅၀၀ ထုတ်လုပ်ပြီး အနီးပတ်ဝန်းကျင်ကျေးရွာတွေကို ရေအလုံအလောက် ဖြန့်ဖြူးပေးနေပေမယ့် ဒေသခံတွေအနေနဲ့ တိရစ္ဆာန်သုံးရေအဖြစ်သာ အသုံးပြု နေပါတယ်။ အမည်းရောင်ပြောင်းလဲခဲ့တဲ့ ရေနမူနာတွေကို FDA ဌာနက ဓာတ်ခွဲစမ်းသပ်နေပြီး ပြည်နယ်အဆင့်ဌာန ၆ ခုက ဓာတ်ခွဲစစ်ဆေးချက်တွေအရ သောက်သုံးနိုင်တဲ့အဆင့်ရှိ ရေတွေလို့ ထုတ်ပြန်ထားပေမယ့် ဒီကနေ့ထိ တိကျတဲ့အဖြေကို ထုတ်ပြန်တာ မရှိသေးပါဘူး။ သတင်း- ရဲမင်းခေါင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024