ရသေ့တောင်မြို့နယ် ရေပုတ်ချောင်းရွာက ဒဏ်ရာရလူငယ် ၂ ဦးကို ကြက်ခြေနီအဖွဲ့ ကယ်ထုတ်
DVB
·
October 29, 2019
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ရေပုတ်ချောင်းရွာက သေနတ်ဒဏ်ရာရ လူငယ်နှစ်ဦးကို အိုင်စီအာစီနဲ့ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းတို့ ပူးပေါင်းပြီး ကယ်ထုတ်ခဲ့ကြပါတယ်။
လူငယ် နှစ်ဦးထဲက ဒဏ်ရာပြင်းထန်တဲ့ ၈ တန်းကျောင်းသားလေးကိုတော့ စစ်တွေဆေးရုံသို့ ပို့လိုက်ရတယ်လို့ ရသေ့တောင်မြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှူး ဦးလှကျော်က ပြောပါတယ်။
“ဒဏ်ရာရသူ နှစ်ဦးမှာ ၈ တန်းကျောင်းသားလေးမှာက ကျည်ဆန်က ညာဘက်ပခုံးကနေ ဖောက်ဝင်သွားတာပါ။ ဒါ့ကြောင့် သူ့ကို စစ်တွေဆေးရုံကို ပို့ဆောင်ခဲ့ရပါတယ်။”
ဒဏ်ရာရသွားတဲ့ အသက် ၃၂ နှစ်အရွယ် ကိုကျော်ဝင်းနဲ့ အသက် ၁၅ နှစ်အရွယ် ကိုမောင်မောင်ချေတို့နှစ်ဦးဟာ ရေပုတ်ကျေးရွာကို တပ်မတော်စစ်ကြောင်း ရောက်ရှိနေလို့ အခြားရွာသားတွေနဲ့အတူ ချောင်းတဖက်ကမ်းရှိ အောင်မြေကုန်းကျေးရွာကို ထွက်ပြေးကြရာမှာ အောက်တိုဘာ ၁၇ နေ့လယ်ပိုင်းမှာ တပ်မတော်က ရဟတ်ယာဉ်ပေါ်ကနေ လှမ်းပစ်ခဲ့တာလို့ ဒဏ်ရာရသူ ကိုမောင်မောင်ချေရဲ့ ဖခင် ဦးမောင်စိုးချေက ပြောပါတယ်။
“နေ့လယ် ၂ နာရီလောက် ရေပုတ်ရွာကို တပ်မတော်က ရဟတ်ယာဉ်နဲ့ ပစ်ခဲ့ပါတယ်။ ချောင်းတဖက်က အောင်မြေကုန်းရွာကို ထွက်ပြေးကြရာမှာ ကျည်ထိထားတာပါ”
ရွာအနီးအနားမှာ စစ်ရေးအခြေအနေတွေ ဆိုးရွားနေတဲ့အတွက် ဒဏ်ရာရလူငယ်နှစ်ဦးဟာ အောင်မြေကုန်းကျေးရွာမှာ ပိတ်မိနေရာကနေ မနေ့ မွန်းလွဲပိုင်းက ကြက်ခြေနီအဖွဲ့တွေက ပူးပေါင်းပြီး ကယ်ထုတ်လာခဲ့ပါ။
လက်ရှိမှာ ရေပုတ်ကျေးရွာကို တပ်မတော်က ထိန်းချုပ်ထားပြီး ကျေးရွာသူရွာသားတွေ အားလုံးကို ဘုန်းကြီးကျောင်းမှာ ထိန်းသိမ်းထားတယ်လို့ ကြားသိရကြောင်း ရသေ့တောင်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ပြောပါတယ်။
“လူငယ်နှစ်ဦး ကျည်ထိမှန်တယ်လို့ သိရတယ်။ ကျမတို့က အိုင်စီအာစီကို အကြောင်းကြားခဲ့ပေမယ့် အခြေအနေဆိုးနေတာကြောင်း မခေါ်ဆောင်နိုင်ခဲ့နိုင်ပါဘူး။ ဒီနေ့မှ ခေါ်ထုတ်နိုင်တာပါ။ ကျေးရွာသူရွာသားအားလုံးကို ဘုန်းကြီးကျောင်းမှာ တပ်မတော်က ထိန်းသိမ်းထားတယ်လို့ သိရတယ်။ နောက် ကျောက်တန်းကျေးရွာမှာ သက်ကြီးရွယ်အိုတွေ အများစု ပိတ်မိနေတာ ကျန်နေပါသေးတယ်” လို့ ပြောပါတယ်။
နေပြည်တော်မှာ အန်စီအေ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် ၄ နှစ်ပြည့်ပွဲကြီး ကျင်းပနေချိန်မှာ ရခိုင်ပြည်နယ်မှာတော့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာပါ။
ကောင်းကောင်း