Home
မြန်မာသတင်း
တရက်စာ ချက်ပြုတ်နိုင်ရန် ဟင်းသီးဟင်းရွက်အလှူ သောကြာနေ့တိုင်း ပြုလုပ်မည်
DVB
·
October 26, 2019
တရက်စာ ချက်ပြုတ်နိုင်ဖို့ ဟင်းသီးဟင်းရွက်တွေကို လှူဒါန်းပေးတဲ့ ဟင်းသီးဟင်းရွက် အလှူကို အောက်တိုဘာ ၂၅ ရက်နေ့ ညနေပိုင်းက မန္တလေးမြို့၊ ၆၆ လမ်းပေါ်မှာရှိတဲ့ အမျိုးသားကဇာတ်ရုံရှေ့မှာ ပြုလုပ်ခဲ့ပါတယ်။ အောင်ကမ္ဘာရွှေဆိုင်၊ MH ခဲပန်းချီသင်တန်း၊ ရွှေမှုန် ဗျူးတီးဆလွန်း၊ ရှမ်းရိုးမဟိုတယ် (ပြင်ဦးလွင်) တို့ ပူးပေါင်းလှူဒါန်းတာဖြစ်ပြီး နွမ်းပါးတဲ့သူတွေအတွက် တရက်စာ ဝင်ငွေမထိခိုက်အောင် ဝိုင်းဝန်းကူညီတဲ့ အနေနဲ့လှူဒါန်းတာလို့ လှူဒါန်းပွဲ ဦးဆောင်သူ ကိုမြထူးက ပြောပါတယ်။ "ကျနော်တို့ မွန်းကြပ်နေတဲ့ ပြည်သူတွေ အားလုံး အဆင်ပြေ ပြုံးပျော်ပြီးတော့ ပျော်ရွှင်နေတာပေါ့၊ စောစောက သူတို့ လာယူတဲ့အချိန်မှာ သူတို့တအား ပျော်နေကြတယ်။ တချို့ကလည်း ဒါကို ရောင်းတယ်မှတ်တာပေါ့၊ သူတို့လာပြီးတော့ မေးတယ်၊ အဓိကကတော့ တန်းစီပြီးတော့ ယူတဲ့ စနစ်ကလေးပေါ့။ တန်းစီယူတဲ့ အလေ့အထကို ကျနော်တို့နိုင်ငံမှာလည်း ရှင်သန်စေချင်တယ်ပေါ့နော်၊ ဒါကြောင့် တန်းစီတဲ့စနစ်လေးလည်း ရသွားအောင်လို့ပါ။ ဒီမှာတော့ အားလုံး ပျော်ပျော်ရွှင်ရွှင်နဲ့လုပ်တဲ့ပွဲလေး ဖြစ်တယ်၊ ဘာမှ ပကာသနမပါဘူး။" 
အခုလိုလှူဒါန်းရာမှာ စနစ်တကျ တန်းစီ စောင့်ဆိုင်းယူဖို့ စီစဉ်ပေးထားတာဖြစ်ပြီး ဆိုင်ကယ်ပေါ်ကနေ လွယ်လင့်တကူ လှမ်းယူတာမျိုးကိုတော့ လက်မခံဘူးလို့လည်း သိရပါတယ်။ ဒီအလှူဟာ ဒုတိယအကြိမ်ပြုလုပ်တာဖြစ်ပြီး အပတ်စဉ် သောကြာနေ့တိုင်း ရုံးဆင်းချိန်တဝိုက်မှာ လှူဒါန်းမယ်လို့ သိရပါတယ်။ ပူးပေါင်းလှူဒါန်းလိုသူတွေအနေနဲ့ ငွေအားဖြစ်စေ၊ လူအားဖြစ်စေ ပါဝင်လှူဒါန်းနိုင်တယ်လို့လည်း သိရပါတယ်။ လှူဒါန်းရာမှာ ကန်စွန်းရွက်၊ ချဉ်ပေါင်ရွက်၊ ဂေါ်ရခါးသီး၊ ခရမ်းသီးနဲ့ ရုံးပတီသီး စတဲ့ အသီးအရွက် ငါးမျိုး၊ ခြောက်မျိုးခန့်ကို လှူဒါန်းတာဖြစ်ပြီး လတ်တလောအလှူမှာ ကျပ် ၁ သိန်းဖိုးလောက် လှူဒါန်းခဲ့တာလို့ သိရပါတယ်။ ထိန်ထိန်လင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024