Home
မြန်မာသတင်း
စစ်ကိုင်းတောင်ရိုးတွင် ရေတင်မီတာခ တလကျပ် သိန်း ၃၇၀ ကျော်ကုန်ကျနေသဖြင့် ရေငတ်နိုင်ဟု သီတဂူဆရာတော်မိန့်ကြား
DVB
·
October 25, 2019
စစ်ကိုင်းတောင်ရိုးမှာ ရေတင်ရာမှာ အသုံးပြုတဲ့ မီတာခစရိတ်ဟာ  တလကျပ် သိန်း ၃၇၀ ကျော်ကုန်ကျနေပြီး လာမယ့်နွေရာသီမှာ ကျပ် သိန်း ၄၀၀ ကျော်ကုန်ကျနိုင်တယ်လို့   သီတဂူဆရာတော်က မိန့်ကြားပါတယ်။  စစ်ကိုင်းမြို့၊ အပြည်ပြည်ဆိုင်ရာ အကယ်ဒမီရိပ်သာမှာ အောက်တိုဘာ ၂၄ ရက်မနက်က ကျင်းပတဲ့ စစ်ကိုင်းတောင်ရိုးရှိ သီလရှင် ဆရာကြီး၊ ဆရာလေးတွေရဲ့ ဝါကျွတ်ကန်တော့ပွဲ အခမ်းအနားမှာ မိန့်ကြားခဲ့တာပါ။  သီတဂူဆရာတော်အရှင်ဉာဏိဿရက “ဆရာတော်ရေအလှူ လှူခဲ့တာ နှစ် ၄၀ ရှိပြီ။ စလှူခဲ့တုန်းက တယူနစ်ကို ၁၇ ပြားကျတယ်။ ဇူလိုင်လမှာ မီတာခတက်တော့ တယူနစ် ၁၂၅ ကျပ်ဖြစ်လို့ တလကို ကျပ် သိန်း ၃၇၀ ကျော်ကျသွားတယ်။ နွေဆိုရင် တလ သိန်း ၄၀၀ ကျော်ကျသွားနိုင်တယ်။ ဒီလိုလတိုင်း အစိုးရကိုလှူနေရင် တို့စုထားတဲ့ သိန်းပေါင်း တစ်သောင်းဟာ ကုန်သွားရင် ဒီတောင်ရိုးမှာ ရေငတ်ဖို့ အကြောင်းရှိတယ်။ ရေအလှူပဒေသာပင် တပင်ကို ၆ သိန်းနဲ့အလှူရှင်ပေါင်းတစ်သောင်းရမှ သိန်းပေါင်းခြောက်သောင်းရမယ်။ ဒါမှတစ်လ သိန်း ၄၀၀ အတိုးနဲ့ ပေးနိုင်ရင်နေလည်းနေပျော်ပြီ။ သေလည်းသေပျော်ပြီ”လို့ မိန့်ပါတယ်။ စစ်ကိုင်းတောင်ရိုးမှာ ရေအလှူကို ၁၉၈၀ ပြည့်နှစ်က စတင်ခဲ့ပြီး ရေစက်ရုံ ၃ ရုံ၊ မြင်းကောင်ရေ  ၅၀ မော်တာ ၁၇ လုံး၊ ပိုက်လိုင်းအရှည် ပေ ၈ သိန်းကျော်၊ ဂါလန် တသိန်းဆံ့ ရေကန် ၂၂ ကန်၊ ဂါလန် ငါးသောင်းဆံ့ ရေကန် ၁၁ ကန်နဲ့ နေ့စဉ် ရေဂါလန် ၁၀ သိန်း ဖြန့်ဝေပေးနေတာပါ။ စစ်ကိုင်း ရွှေမင်းဝံရပ်ကွက်ရှိ ခေမာသုတပါရမီချောင်က သီလရှင် ဆရာလေးမသီရိမာလာက  “စစ်ကိုင်းတောင်ရိုးက သာသနာပြုဆရာတော် ဆရာလေးတွေ အများအပြားရှိတော့ တနေ့ကို ရေဂါလန် ၁၀ သိန်း ဖြန့်ဝေရတယ်”လို့ ဒီဗွီဘီကို မိန့်ပါတယ်။ စစ်ကိုင်းတောင်ရိုးမှာ တရားကျင့်ကြံဖို့ လာရောက်ကြသူတွေအပြင် ရှမ်း၊ ကချင်၊ ကရင်၊  ပလောင်၊ မွန်၊ ကယန်း၊ ပအိုဝ့် စတဲ့ အနယ်နယ်အရပ်ရပ်က စစ်ဘေးရှောင်ရောက်လာသူတွေဟာ သာသနာ့ဘောင်ဝင်ကာ ကျောင်းတက်နေကြတာလည်း ရှိပါတယ်။ ဒါ့အပြင် မိဘတွေက  စားဝတ်နေရ အခက်အခဲ ရုန်းကန် ရင်ဆိုင်နေရလို့ သားသမီးတွေကို စစ်ကိုင်းချောင်မှာ လာထားကြသူတွေလည်း ရှိပါတယ်။  စစ်ကိုင်းတောင်ရိုးမှာ  သံဃာတော် ၄၃၆၆ ပါး၊ သာမဏေ ၄၆၀၉ ပါး၊ သီလရှင် ၇၈၈၄ ပါး စုစုပေါင်း   ၆၈၅၉ ပါးရှိပြီး ကျောင်းပေါင်း ၇၈၇ ကျောင်း၊ ချောင်ပေါင်း ၄၂၈ ချောင် စုစုပေါင်း ၁၃၀၆ ကျောင်း ရှိပါတယ်။ သတင်း- ခင်သန်းညွန့်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024