ကလေးတို့အချစ်တော် ဆင်မကြီးမိုမို ၆၆ နှစ်ပြည့်မွေးနေ့ပွဲဆင်နွှဲမည်
DVB
·
October 25, 2019
ကလေးတို့အချစ်တော် ဆင်မကြီးမိုမိုရဲ့ အသက် ၆၆ နှစ်ပြည့် မွေးနေ့ကို နှစ်စဉ်ကျင်းပမြဲ ထုံးစံအတိုင်း ရန်ကုန်တိရစ္ဆာန်ဥယျာဉ်မှာ ကျင်းပသွားဖို့ရှိပါတယ်။
လာမယ့် နိုဝင်ဘာလ ၁ ရက်မှ ၃ ရက်အထိ ကျင်းပမယ့် ပွဲတော်မှာ မွေးနေ့ အထိမ်းအမှတ် ပညာပေးအစီအစဉ်တွေနဲ့ ပျော်ပွဲရွှင်ပွဲအခမ်းအနားတွေပါ ပါဝင်မှာ ဖြစ်ပါတယ်။
အသက် ၇ နှစ်အရွယ်မှာ ကယားပြည်နယ်ကနေ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ဆီ ရောက်ရှိလာခဲ့တဲ့ ဆင်မကြီးမိုမိုဟာ အခုနှစ်မှာတော့ အသက် ၆၆ နှစ် ပြည့်မှာ ဖြစ်ပါတယ်။
ဆင်မကြီး မိုမိုဟာ တိရစ္ဆာန်ရုံက ဆင်တွေထဲမှာ အသက်အကြီးဆုံးဖြစ်ပြီး လက်ရှိအချိန်မှာ ဖျော်ဖြေမှုတွေကနေ အနားယူထားပါတယ်။
ဆင်မကြီးမိုမိုကို ကယားပြည်နယ်၊ လွိုင်ကော်မြို့က ဦးခွန်စန္ဒက ၁၉၆၁ ခုနှစ် ဖေဖော်ဝါရီလမှာ လာရောက်လှူဒါန်းခဲ့တာပါ။
မိုမိုဟာ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်အတွင်း ကပြဖျော်ဖြေပွဲတွေအများကြီးကို အပတ်စဉ် တင်ဆက်ခဲ့သလို မြင်းခင်းသဘင်ပွဲတော်၊ လှေသဘင်ပွဲတော်၊ တရုတ်ပြည်က စွယ်တော်ပင့်ဆောင်တာ စတဲ့ အခမ်းအနားတွေမှာလည်း ပါဝင်ခဲ့ပါတယ်။
အခုနှစ်ရဲ့ ဆင်မကြီးမိုမိုမွေးနေ့ပွဲမှာ အစားအသောက်နဲ့ လူသုံးကုန်ပစ္စည်းရောင်းချပွဲနဲ့ အဆိုတော် ဖြိုးပြည့်စုံ၊ ဂျူဝယ်လ်တို့အပါအဝင် အဆိုတော်တွေရဲ့ သီဆိုဖျော်ဖြေမှုတွေ၊ မျက်လှည့်ပြကွက်တွေ၊ အကအလှဖျော်ဖြေတင်ဆက်မှုတွေနဲ့အတူ မွေးနေ့ရှင်ဆင်မကြီးမိုမိုရဲ့ မွေးနေ့ကိတ်ခွဲမယ့် အစီအစဉ်တွေလည်း ရှိပါတယ်။