အစိုးရနှင့် အပစ်ရပ်တိုင်းရင်းသားအဖွဲ့များ နေပြည်တော်တွင်တွေ့ဆုံဆွေးနွေး
အောင်ကိုကိုလတ် (နေပြည်တော်)
·
October 25, 2019
အစိုးရနဲ့ အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (NCA-S EAOs)တွေ ဒီကနေ့မနက် နေပြည်တော်မှာရှိတဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး ဗဟိုဌာန ၂ မှာ တွေ့ဆုံဆွေးနွေးနေပါတယ်။
(၈)ကြိမ်မြောက် တနိုင်ငံလုံး ပစ်ခက်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) ကျင်းပနိုင်ဖို့အတွက် အကြို ညှိနှိုင်းအစည်းအဝေးကို ကျင်းပနေတာ ဖြစ်ပါတယ်။
အစုအဖွဲ့တွေအကြား မယုံကြည်မှုမရှိတာကြောင့် ၂၁ ရာစု ပင်လုံအစည်းအဝေးကိုဆက်ပြီး မကျင်းနိုင်တာလို့ ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) RCSS အတွင်းရေးမှူး ဗိုလ်မှူးကြီး စိုင်းငင်းက ဒီကနေ့ အစည်းအဝေးမှာ ပြောပါတယ်။
“အစုအဖွဲ့တွေအကြားမှာ ရှိနေတဲ့ မယုံကြည်မှုတွေ၊ စိုးရိမ်းကြောင့်ကြမှုတွေ၊ အစွန်းရောက်မှုတွေ အသာစီးရလိုမှုတွေကို မချေဖျတ်နိုင်ခဲ့လို့ ၂၁ ရာစု ပင်လုံကို သတ်မှတ်ထားတဲ့ အချိန်ကာလအတိုင်း မကျင်းပနိုင်ခဲ့ခြင်းဟာ ကျနော်တို့အားလုံးမှာ တာဝန်ရှိပါတယ်။ တာဝန်ရှိမှု၊ တာဝန်ခံမှု၊ ပွင့်လင်းမြင်သာမှုတို့နဲ့ ၂၁ ရာစုပင်လုံ ကျင်းပရေးကို ဦးတည်ကြိုးပမ်းဆောင်ရွက်ဖို့ လိုအပ်ပါတယ်”လို့ ဗိုလ်မှူးကြီး စိုင်းငင်းက ပြောပါတယ်။
အန်စီအေရဲ့ အရှိန်အဝါ ခိုင်မာမှု အပြန်အလှန် အသိအမှတ်ပြုမှုတွေ အနှစ်သာရတွေ ကတိကဝတ်ပြုမှုတွေ အတွေးအမြင်သစ်တွေ ယုံကြည်မှုတွေ ကိုပြန်လည်ဖော်ထုတ်ဖို့ကိုလည်း ဗိုလ်မှူးကြီး စိုင်းငင်းက တိုက်တွန်းပြောသွားပါတယ်။
လာမယ့် အောက်တိုဘာ ၂၈ ရက်နေ့မှာတော့ အန်စီအေ ၄ နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားကို နေပြည်တော်မှာ ကျင်းပဖို့ ရှိနေပါတယ်။