နားတောင်းချွတ်မပေးသဖြင့် ၉ နှစ်အရွယ် မိန်းကလေး ၁ ဦး ရိုက်သတ်ခံရ
DVB
·
October 24, 2019
ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်၊ ပဒဲကောကျေးရွာအုပ်စု ငဖယ်အင်းကျေားရွာမှာ အောက်တိုဘာ ၂၃ ရက် ညက ၉ နှစ်အရွယ် မိန်းကလေး ၁ ဦးရိုက်နှက်ခံရပြီး သေဆုံးခဲ့တယ်လို့ နယ်မြေစခန်းကတာဝန်ရှိသူက ပြောပါတယ်။
အဖွားဖြစ်သူက မြေးဖြစ်သူ မောင်သန်းဇော်ထွေး ၃ နှစ်နဲ့ မနော်အေးသန်း ၉ နှစ် တို့ကို ကွမ်းရွက်နဲ့ မုန့်ဝယ်ဖို့ ရွာထဲရှိစျေးဆိုင်သို့စေလွှတ်ခဲ့ရာ မောင်သန်းဇော်ထွေးတဦးတည်း နေအိမ်ကို ငိုပြီးပြန်လာခဲ့ပါတယ်။
ဒါ့ကြောင့် အဖွားဖြစ်သူကမေးမြန်းရာ တရွာတည်းနေသူ မပန်းအိဖြူက မနော်အေးသန်းကိုနေအိမ်ပေါ် ဆွဲခေါ်သွားကြောင်းပြန်ပြောပြလို့ ရပ်ရွာလူကြီးတွေနဲ့ မပန်းအိဖြူ အိမ်ကိုသွားရောက်ရှာဖွေရာ နေအိမ်နောက်ဖေးခန်းအတွင်း ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ မိန်းကလေးကို တွေ့ရတာဖြစ်ပါတယ်။
"အဖွားဖြစ်သူက မနော်အေးသန်းကို ရွာထဲ စျေးဝယ်ခိုင်းတာကို မပန်းအိဖြူက စျေးကြုံ ဆီ မှာလိုက်တာဖြစ်ပြီး မှာတဲ့ ဆီ လာပို့ချိန်မှာ နားတောင်းကို တောင်းယူရာမှာ မပေးတာ ကြောင့်အိမ်ပေါ်မှာရှိတဲ့ ဆိုင်ကယ်ရှော့ဘားနဲ့ ရိုက်ပစ်လိုက်တာ” လို့ ပဒဲကောနယ်မြေစခန်းမှူး ရဲအုပ်စန်းလွင်က ပြောပါတယ်။
"သူကငွေလိုနေတော့ နားတောင်း တောင်းတာမရတာနဲ့ ဆိုင်ကယ့်ရှော့ဘားနဲ့ ရိုက်ပစ်တာ။ ဒီနေ့ရုံးထုတ်ပြီး ရမန်ယူထားပါတယ်။"
လူသတ်မှုနဲ့ပတ်သတ်ပြီး မပန်းအိဖြူကို ဘောကထာ နယ်မြေစခန်းမှူးက ရာဇသတ်ကြီး ဥပဒေ ပုဒ်မ-၃၀၂နဲ့ အမှုဖွင့်ဖမ်းဆီးထားပါတယ်။
သတင်း- နေလင်းထိုက်