Home
မြန်မာသတင်း
ရန်ကုန်တိုင်းအစိုးရ သတင်းမီဒီယာများအပေါ် ခွဲခြားဆက်ဆံသလိုဖြစ်နေဟု ဝေဖန်  
အောင်သူ
·
October 24, 2019
သတင်းမီဒီယာတိုက်တွေကို အကုန်မဖိတ်ဘဲ တိုက်တချို့သာ ရွေးဖိတ်ပြီးလုပ်တဲ့ ရန်ကုန်တိုင်းအစိုးရရဲ့ သတင်းစာရှင်းလင်းပွဲက သတင်းမီဒီယာတွေအပေါ်မှာ ခွဲခြားဆက်ဆံသလို ဖြစ်နေတယ်လို့ ဝေဖန်မှုတွေ ရှိနေပါတယ်။  ရန်ကုန်တိုင်းအစိုးရကလုပ်မယ့် မြို့သစ်စီမံကိန်းတွေ မိုးပျံလမ်းစီမံကိန်းတွေအပါအဝင် စီမံကိန်း ၁၄၉ ခုကို  တိုင်းလွှတ်တော်မှာ မှတ်တမ်းအဖြစ်သာ ထားရှိရခြင်းအကြောင်းကို ရှင်းလင်းတဲ့ အောက်တိုဘာ ၂၂ ရက်နေ့ သတင်းစာရှင်းလင်းပွဲအပေါ်မှာ အခုလိုဝေဖန်မှုတွေ ရှိနေတာပါ။   တိုင်းအစိုးရအနေနဲ့အခုလို သတင်းမီဒီယာတိုက်တွေကို ရွေးဖိတ်တာက တိုင်းအစိုးရအပေါ် ဝေဖန်ထောက်ပြမှုတွေများတဲ့ မီဒီယာတိုက်တွေဖြစ်တာကြောင့် သတင်းစာရှင်းလင်းပွဲကို မဖိတ်တာလား ဆိုတဲ့မေးခွန်း မေးစရာဖြစ်လာတယ်လို့ မြန်မာသတင်းပညာသိပ္ပံ အမှုဆောင် ဒါရိုက်တာ ဦးကျော်မင်းဆွေ က ပြောပါတယ်။ တိုင်းအစိုးရအနေနဲ့ အစိုးရရဲ့ဂုဏ်သိက္ခာ၊ ပါတီရဲ့ဂုဏ်သိက္ခာအရ အခုလိုလုပ်ရပ်မျိုးက မလုပ်ဆောင်သင့်သလို အစိုးရအနေနဲ့ သတင်းစာရှင်းလင်းမှုလုပ်တာက ကိုယ့်ကိုမဲပေးလိုက်တဲ့ ပြည်သူတွေကိုလည်း ကန့်သတ်လိုက်တာ ဖြစ်တယ်လို့ သူကထောက်ပြပါတယ်။ ရန်ကုန်တိုင်းအစိုးရအနေနဲ့ သတင်းမီဒီယာကောင်စီကနေ သတင်းစာရှင်းလင်းပွဲတွေကို အရင်ကတဆင့်ခံဖိတ်ကြားမှုတွေရှိခဲ့ပေမယ့် အခုလုပ်တဲ့သတင်းစာရှင်းလင်းပွဲကိုတော့ ကောင်စီကို ပေးပို့ခဲ့ခြင်းရှိ မရှိသေချာမသိသေးဘူးလို့ သတင်းမီဒီယာကောင်စီ တွဲဖက်အတွင်းရေးမှူး(၁) ဦးမြင့်ကျော်က ပြောဆိုပါတယ်။ ရန်ကုန်တိုင်းအစိုးရအနေနဲ့ သတင်းစာရှင်းလင်းပွဲလို့ ခေါင်းစဉ်တက်ပြီးလုပ်ရင် သတင်းမီဒီယာအကုန် ဖိတ်ရမှာဖြစ်ပြီး အခုလိုလုပ်ဆောင်မှုက ပုံသွင်းဆောင် ရွက်မှုသဘောမျိုးဖြစ်နေတယ်လို့ သူကထောက်ပြပါတယ်။ ကောင်စီအနေနဲ့ တိုင်းအစိုးရနဲ့တွေ့ခွင့်ကြုံလာရင် အခုလိုခွဲခြားဖိတ်မှုတွေမလုပ်ဖို့ပြောဆို ရမှာဖြစ်တယ်လို့ သူက ဆိုပါတယ်။ အခုကိစ္စကို ရန်ကုန်တိုင်းအစိုးရစီမံဘဏ္ဍာဝန်ကြီးက မီဒီယာတွေကို ခွဲခြားဆက်ဆံမှုမရှိဘဲ တိုင်းအစိုးရ သတင်းထုတ်ပြန်ရေးအဖွဲ့က စီစဉ်တာဖြစ်ပြီး အဲဒီသတင်းစာရှင်းလင်းပွဲမှာ အကောင်ထည်မဖော်ဘဲ မှတ်တမ်းထားရှိတဲ့ စီမံကိန်းအကြောင်းကို ရှင်းလင်းတာဖြစ်တယ်လို့ ပြောဆိုပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024