A d v e r t i s e m e n t With Us

ကြံစိုက်တောင်သူများကို ၁ ဧက ကျပ် ၁ သိန်း ထုတ်ချေး

လယ် ၁ ဧက စိုက်ပျိုးစရိတ်ချေးငွေ ကျပ် ၁ သိန်း တိုးပြီးထုတ်ချေးပေးမယ်လို့ ကြေညာပြီး နောက် တနေ့မှာပဲ ကြံစိုက်တောင်သူတွေအတွက် စိုက်ပျိုးစရိတ်ချေးငွေ ၁ ဧက ကျပ် ၁ သိန်း ထုတ်ချေးမယ်လို့ ကြေညာချက် ထွက်ပေါ်လာပါတယ်။ အခုနှစ် ကြံစိုက်ပျိုးချိန်ကစပြီး ၁ ဧက ကျပ် ၁ သိန်းနှုန်း ထုတ်ချေးသွားမယ်၊ ၁၀ ဧကအောက်စိုက်ပျိုးတဲ့ ကြံစိုက် တောင်သူတွေကိုသာ ငွေထုတ်ချေးပေးမယ်လို့  လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ အရင်က ကြံစိုက်တောင်သူတွေကို အစိုးရက ၁ ဧက ကျပ် ၅၀,၀၀၀ ပဲ ထုတ်ချေးရာကနေ ခု ၁ ဧက ကျပ် ၁ သိန်းထိ ၂ ဆတိုးပြီး ထုတ်ချေးလိုက်တာလည်း ဖြစ်ပါတယ်။ ပျဉ်းမနားက ကြံစိုက်တောင်သူတဦးက “၁ ဧကကို စိုက်မယ်ဆိုရင် ကြံမျိုးဖိုးက ၁ သိန်းခွဲ၊ ၂ သိန်းနီးပါးလောက် ကုန်မယ်။ ထည်ရေးက သုံးခါထွန်ရင် ၁ ဧကကို ၁ သိန်းခွဲနီးပါးလောက်ကုန်တယ်။ ၁ ခါထွန်ရင် ၅ သောင်းလောက် ကုန်တယ်။ လှည်းနွားနဲ့ ထွန်တာ နေ့စားခ ပေးရတာပေါ့။ ဒီလက ကြံစိုက်တဲ့လ။ ၁၁ လပိုင်း ၁၂ လပိုင်းမှ ပြန်ပေါ်တယ်” လို့ ပြောပါတယ်။ ၁ ဧကကို ကြံတန်ချိန် ၁၄ တန်လောက် ထွက်ရှိပြီး လက်ရှိကြံ တတန်ပေါက်ဈေးက ကျပ် ၄၀,၀၀၀-၄၅,၀၀၀ လောက်ရှိပါတယ်။ ကြံကို စစ်ကိုင်းတိုင်း၊ ရှမ်းပြည်နယ်၊ ပဲခူးတိုင်းနဲ့ မန္တလေးတိုင်းတို့မှာ အဓိက စိုက်ပျိုးကြတာဖြစ်ပြီး  တနိုင်ငံလုံး ကြံစိုက်ဧက ၃ သိန်း ၈ သောင်း ရှိတဲ့အကြောင်းနဲ့ စစ်ကိုင်းတိုင်းထဲ ကြံစိုက်ဧကအများဆုံး ဖြစ်တယ်လို့ မြန်မာ့ကြံလုပ်ငန်းရဲ့ တရားဝင် စာရင်းဇယားတွေအရ သိရပါတယ်။

A d v e r t i s e m e n t With Us

More News
Up