ထိုင်း-မြန်မာနယ်စပ်တွင် မြန်မာတိုင်းရင်းသူ ၁ ဦးထံမှ စိတ်ကြွဆေး ၁ သိန်းခန့် ဖမ်းမိ
DVB
·
October 24, 2019
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင်ရှိ မြန်မာနယ်စပ် မယ့်အိုင်းမြို့နယ်ထဲမှာ မြန်မာတိုင်းရင်းသူ လားဟူအမျိုးသမီး ၁ ဦးထံမှ စိတ်ကြွဆေးပြားအလုံးရေ ၁ သိန်းလောက် ဖမ်းဆီးရမိတယ်လို့ မယ်ဆိုင်နယူးစ်သတင်းမှာ ဖော်ပြပါတယ်။
မယ်အိုင်းမြို့နယ်ထဲမှာ မြန်မာဘက်ခြမ်းကနေ မူးယစ်ဆေးဝါးအချီကြီး ဝင်ရောက်လာဖို့ရှိ ကြောင်း သတင်းအရ တိုင်းဒေသ ၅ လက်အောက်ခံ မူးယစ်ဆေးဝါးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ နယ်မြေခံရဲ နဲ့ ပြည်သူ့စစ်အဖွဲ့ဝင်တွေဟာ နယ်မြေထဲမှာ ၅ ရက်တိုင် ထောက်လှမ်း စောင့်ကြည့်နေခဲ့ကြပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၂၀ ရက် မနက် ၆ နာရီလောက်မှာတော့ ကျနရွာ အတက်လမ်း တောအုပ်အစပ်မှာ အနက်ရောင် အထုတ်တထုတ်ကို ဖင်ခုပြီးထိုင်နေတဲ့ အမျိုးသမီး ၁ ဦးကို တွေ့ရကြောင်း၊ တာဝန်ရှိသူတွေက သူမအထုတ်ကို စစ်ဆေးခွင့်တောင်းရာမှာ သူမက ပထမထွက်ပြေးဖို့ ကြိုးစားပေမယ့် မလွတ်ဘဲ အထုတ်ကို ဖြေကြည့်ရာ မြွေရေခွံအိတ်နဲ့ထည့်ထားတဲ့ အထုတ်ပေါင်း ၅၀ ကို တွေ့ရှိတယ်လို့ တာဝန်ကျရဲက သတင်းထောက်တွေကို ပြောပါတယ်။
အဆိုပါအထုတ်တွေထဲမှာ စိတ်ကြွဆေးပြားအလုံးရေ ၁ သိန်းလောက်ရှိပြီး အမျိုးသမီးကို စစ်ဆေးမေးမြန်းရာမှာ သူမအမည်မှာ နာမီရှီး (အသက် ၄၈ နှစ်) လားဟူလူမျိုးဖြစ်ပြီး မြန်မာဘက်ခြမ်းကနေ ဝင်ရောက်လာကြောင်း၊ သူနဲ့အတူ နောက်ထပ် အမျိုးသား ၁ ဦးလည်း ပါလာပြီး သူကတော့ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ဆိုပါတယ်။
သူမဟာ ထိုင်းနဲ့ မြန်မာဘက်ခြမ်းကို မကြာခဏ ဝင်ထွက်သွားလာလေ့ရှိပြီး အဆိုပါ စိတ်ကြွဆေးတွေကို ထိုင်းမှာ ၁ ပြားကို ၄ ဘတ်နှုန်းနဲ့ ရောင်းချဖို့ သယ်လာတာဖြစ်ကြောင်း ဝန်ခံထားပါတယ်။
တာဝန်ရှိသူတွေက သူ့ကို မူးယစ်ဆေးဝါးလက်ဝယ် တွေ့ရှိမှုနဲ့ အရေးယူသွားမယ့်အပြင် ဆက်စပ်သူတွေကိုလည်း ဖော်ထုတ်ဖမ်းဆီးသွားမယ်လို့ ပြောသွားပါတယ်။