Home
မြန်မာသတင်း
အမှိုက်ပစ်မှုပပျောက်ရေး အခြေခံပညာကျောင်းများတွင် သင်ကြားပေးရန် လိုအပ်
DVB
·
October 24, 2019
ယဉ်ကျေးမှုတခုလိုဖြစ်နေတဲ့ လမ်းဘေးအမှိုက်ပစ်တဲ့ စိတ်ဓာတ်တွေပပျောက်ဖို့ အခြေခံပညာကျောင်းတွေမှာ သင်ကြားပေးဖို့လိုတယ်လို့ ရန်ကုန်တက္ကသိုလ် သဘာပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့က ပြောပါတယ်။  လက်ရှိကာလမှာ အမှိုက်ပစ်တာတွေ များလာပြီး အမှိုက်ကောက်ထိန်းသိမ်းတဲ့သူ နည်းတဲ့အတွက် အမှိုက်ပြဿနာတွေဟာ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးစေတယ်လို့ ရန်ကုန်တက္ကသိုလ်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့တာဝန်ရှိသူက ပြောပါတယ်။ ဒါ့ကြောင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအမြင်တွေ ရှိလာဖို့ တက္ကသိုလ်ကျောင်းတွေ အပြင် အခြေခံပညာကျောင်းတွေမှာလည်း ပူးပေါင်းဆောင်ရွက်ဖို့လိုတယ်လို့ အောင်တိုဘာ ၂၃ ရက်နေ့က ရန်ကုန်တက္ကသိုလ် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့နဲ့ ဖိလစ်ပိုင်နိုင်ငံ World Youth Alliance အဖွဲ့တို့မှ ပူးပေါင်းကျင်းပပြုလုပ်တဲ့ Universities Green Conference မှာ ပြောဆိုခဲ့တာပါ။ “လက်ရှိ ရန်ကုန်မြို့မှာ အမှိုက်တွေကို မဆင်မခြင်လွှင့်ပစ်မှုတွေကြောင့် ရေမြောင်းတွေ ပိတ်ဆို့ပြီး နှစ်စဉ်ရေကြီး ရေလျှံမှုပြဿနာတွေကို ကြုံတွေ့နေရတယ်” လို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့တာဝန်ရှိသူက ပြောပါတယ်။  ဒါ့အပြင် အမှိုက်ယဉ်ကျေးမှုတွေ လျှော့ချသွားဖို့ဆိုရင် လူတဦးတယောက်ချင်းဆီက အမှိုက်မပစ်အောင် အခြေခံစိတ်ဓာတ်တွေကို ပြောင်းလဲပေးဖို့လိုတယ်လို့ ဆိုပါတယ်။ “အမှိုက်စွန့်ပစ်တဲ့ဓလေ့ကို ပပျောက်ဖို့ဆိုရင် ကျောင်းသားတွေရဲ့စိတ်ဓာတ်ကို အခြေခံ ကျောင်းတွေကနေ ပြင်ဆင်ပေးပြီး အမှိုက်မပစ်တဲ့ အသိစိတ်ဓာတ်ကို ကျောင်းသားတွေ ရဲ့အသိစိတ်ထဲ ထည့်သွင်းပေးဖို့ လိုတယ်” လို့ အ.ထ.က (၁) ဒဂုံ ကျောင်းအုပ်ဆရာမကြီးက ပြောပါတယ်။  လက်ရှိ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ပတ်သတ်ပြီး အခြေခံပညာကျောင်းတွေမှာ အသိပညာပေးမှုတွေ၊ ပြောဆိုဆွေးနွေးမှုတွေ စဉ်ဆက်မပြတ်လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံအနေနဲ့ သဘာဝပတ်ဝန်းကျင်ထိခိုက်မှု အခြေအနေဟာ အာဆီယံနိုင်ငံတွေထဲ မှာ အမြင့်ဆုံးဖြစ်နေပြီး အဲ့ဒီအခြေအနေတွေကို ထိန်းသိမ်းဖို့အတွက် သစ်တောပြုန်းတီးမှုတွေ၊ သစ်ခိုးထုတ်လုပ်မှုတွေနဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်လျှော့ချဖို့ကို သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အဖွဲ့က ထုတ်ပြန်ထားပါတယ်။  နေလင်းအောင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024