လုပ်ကြံခံရသည့် တောင်ကိုရီးယားနိုင်ငံသားများအတွက် အမှတ်တရနေရာ ရန်ကုန်တွင် တည်ဆောက်မည်
DVB
·
January 15, 2013
၁၉၈၃ ခုနှစ်က ရန်ကုန်မှာ မြောက်ကိုရီးယားသူလျှိုတွေရဲ့ ဗုံးဖောက်ခွဲမှုမှာ သေဆုံးခဲ့ရ သူတွေအတွက် အထိမ်းအမှတ်နေရာတခု တည်ဆောက်ပေးဖို့ တောင်ကိုရီးယားနဲ့ မြန်မာအစိုးရတို့ သဘောတူညီခဲ့ကြပါတယ်။
အထိမ်းအမှတ်နေရာကို ရန်ကုန်မြို့က အာဇာနည်ဗိမာန်မှာ ဆောက်လုပ်မှာဖြစ်ပြီး တောင်ကိုရီးယားအစိုးရဟာ နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူတဦး ဦးဆောင်ပြီး ဗိသုကာပညာရှင်တွေနဲ့ ဥယျာဉ်ပန်းမန် ဗိသုကာတွေ ပါဝင်တဲ့အဖွဲ့တဖွဲ့ကို နောက်လ အစောပိုင်းမှာ မြန်မာနိုင်ငံကို စေလွှတ်ဖို့ရှိတယ်လို့ တောင်ကိုရီးယားသတင်းတွေမှာ ဖော်ပြပါတယ်။
ဒီအထိမ်းအမှတ်နေရာဟာ အာဇာနည်ဗိမာန်ကနေ မီတာ ၅၀ လောက်အကွာမှာ ရှိပြီး ရွှေတိဂုံဘုရားနဲ့လည်း နီးနီးမှာ ရှိနေတာပါ။ တောင်ကိုရီးယား အစိုးရဘက်ကတော့ ဗုံးပေါက်ကွဲမှု အနှစ် ၃၀ မြောက်နေ့ဖြစ်တဲ့ ဒီနှစ် အောက်တိုဘာလ ၉ ရက်နေ့မှာ ဆောက်လုပ်ပြီးစီးဖို့ စီစဉ်ထားပါတယ်။
တောင်ကိုရီးယားသမ္မတ လီမြောင်ဘက်ဟာ မနှစ် မေလက မြန်မာနိုင်ငံခရီးစဉ်မှာ အာဇာနည်ဗိမာန်ကိုလာပြီး ကွယ်လွန်ခဲ့တဲ့ တောင်ကိုရီးယားလူမျိုးတွေကို ဂါရ၀ပြုခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း သူတို့ကို အမှတ်ရနေစေမယ့် ပြယုဂ်တဲ့အတွက်ကြောင့် အထိမ်းအမှတ်တခုခု တည်ဆောက်ဖို့ တောင်ကိုရီးယားမီဒီယာတွေက တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။
၁၉၈၃ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့က ရန်ကုန်မြို့က အာဇာနည်ဗိမာန်ကို အဲဒီ အချိန်တုန်းက တောင်ကိုရီးယားသမ္မတ ချန်ဒူးဝှမ် ရောက်ရှိလာချိန်မှာ မြောက်ကိုရီးယားသူလျှိုတွေက ဗုံးဖောက်ခွဲခဲ့တာကြောင့် ဒုတိယ၀န်ကြီးချုပ် ဆူဆွခ်ဂျူနဲ့ နိုင်ငံခြားရေးဝန်ကြီး လီဘွန်ဆုခ်တို့ အပါအ၀င် တောင်ကိုရီးယားနိုင်ငံသား ၁၇ ဦး သေဆုံးသွားခဲ့ရပါတယ်။